အဓမ္မတပ်သားစုဆောင်းခံရသူ ၇ ဦး လက်နက်ခဲယမ်းများနှင့် ခိုလှုံလာ

အဓမ္မတပ်သားစုဆောင်းခံရသူ ၇ ဦး လက်နက်ခဲယမ်းများနှင့် ခိုလှုံလာ

အတင်းအဓမ္မ တပ်သားစုဆောင်းခံရသည့် အမှတ်(၅၅၈) ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးအပါဝင် တပ်သား(၇)ဦး လက်နက်များဖြင့် ဒေါနတပ်ရင်းထံ ခိုလှုံလာသည်ဟု သိရသည်။

အဆိုပါ စုဆောင်းခံရသူ(၇)ဦးသည် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့က ဒေါနတပ်ရင်း ဗျူဟာ(၃၃)နယ်မြေအတွင်းသို့ ခိုလှုံလာကြခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့သည် အမှတ်(၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ သထုံအမှတ်(၉)အခြေခံလေ့ကျင့်ရေးကျောင်းနှင့် အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်)သင်တန်းကျောင်းများမှ သင်တန်းအပတ်စဉ် (၅)နှင့် (၆)သင်တန်းဆင်းများဖြစ်သည်ဟု သိရသည်။ 

တပ်ကြပ်ကြီး ကျော်စွာဝင်း သည် MA-4 တစ်လက်၊ ကျည်ဘောက် (၄)ခု၊ (၄၀)မမ (၇)လုံး၊ ကျည်(၁၄၇) တောင့်၊ တပ်သား ချမ်းမွန် သည် MA-4 တစ်လက်၊ ကျည်(၁၄၀)တောင့်၊ ကျည်ဘောက်(၅)ခု၊ (၄၀)မမ ဗုံးသီး (၇)လုံး၊ တပ်သား မင်းခန့်ဝင်း သည် MA-1 တစ်လက်၊ ကျည် (၁၀၅)တောင့်၊ ကျည်ဘောက် (၃)ခု၊ နင်းမိုင်း တစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ တပ်သား ကောင်းမြတ်သူသည် MA-3 တစ်လက်၊ ကျည်ဘောက် (၃)ခု၊ ကျည်(၇၅)တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ နင်းမိုင်းတစ်လုံး၊ ဒုတပ်စိတ်မှူး ဝိုင်းချစ်ဇော် သည် MA-2 တစ်လက်၊ ကျည်ဘောက် (၅)ခု၊ ကျည် (၁၆၄)တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊  တပ်သား ကျော်ထက်မိုးသည် MA-1 တစ်လက်၊ ကျည်ဘောက် (၃)ခု၊ ကျည် (၁၀၀)တောင့်၊ နင်းမိုင်း တစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ တပ်သား ကျော်စွာဟိန်းသည် MA-1 တစ်လက်၊ ကျည်ဘောက်(၃)ခု၊ ကျည် (၁၀၀)တောင့်၊ ဗုံးသီး တစ်လုံး၊ နင်းမိုင်း တစ်လုံးတို့ကို ယူဆောင်ကာ ခိုလှုံလာကြခြင်းဖြစ်သည်။

၎င်းတို့သည့် လမ်းကင်းချိန်တွင် လက်နက်များယူဆောင်ကာ ခိုလှုံလာခြင်းဖြစ်သဖြင့် ဒေါနတပ်ရင်းက ဆုကြေးငွေများပေးအပ်ကာ ကြိုဆိုထားသည်ဟု သိရသည်။ 

"ကျွန်တော်တို့က ရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး။ အတင်းအဓမ္မ ဖမ်းဆီးဆွဲခံရပြီး ပါလာကြတာပါ။ ကျွန်တော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ။”ဟု ခိုလှုံလာသည့် တပ်သားတစ်ဦးက ပြောသည်။

 

ဒေါနတပ်ရင်းအနေနှင့် အလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာ လက်ခံထားရှိပြီး လက်ရှိတပ်ရင်းတွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်နေသော တပ်သား(၁၈)ဦးရှိသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo:Daw Na Column-P29902