ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က (၃)ရက်ဆက် တိုက်ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကြောင့် နေအိမ် (၂)လုံးပျက်စီးပြီး အရပ်သားတစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရကြောင်း KNU ဗဟိုထံမှ သိရသည်။ 

စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄)တပ်ရင်းမှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ကျောက်ကုန်းကျေးရွာနှင့် နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းတွင် ဝမ်းချဲကျေးရွာ၊ မက်စလီကုန်းကျေးရွာ၊  ကျောင်းကုန်းကျေးရွာနှင့် ကညှင်ကြိုးကျေးရွာ ချိန်းကြောင်းတံတား အနီးဝန်းကျင်တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခလရ (၂၆၄)တပ်ရင်း၏ အရပ်သားများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ကုန်းကျေးရွာမှ (၆)လသားအရွယ် မောင်လပြည့်ထွန်းနှင့် (၈)နှစ်အရွယ် မချစ်ဖူးဝေတို့ မောင်နှမ နှစ်ဦး ဗုံးသီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။



ထို့အပြင် နိုဝင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း ခမရ(၄၃၉) တပ်ရင်းမှ ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်မှုကြောင့် မျက်နီကွင်းကျေးရွာမှ နော်မူစေးဖိုး (၂၀)နှစ် ဗုံးသီးထိမှန် သေဆုံးခဲ့ရပြီး နော်ကြည်ဘော (၆၀)နှစ် ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး ထိမှန်ပျက်စီးကြောင်း သိရသည်။ 

စစ်ကောင်စီပူးပေါင်းတပ်မှ နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်သည့် (၁၂၀)မမ လက်နက်ကြီး (၂)လုံးသည် ထွနီကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကာ နော်ဝါးဝါး (၃၈)နှစ်ဒဏ်ရာရရှိကြောင်း KNUက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:KNU