ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီအထိုင်စခန်းအား ရိက္ခာလာပို့သည့် ကားအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီအထိုင်စခန်းအား ရိက္ခာလာပို့သည့် ကားအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ် ၊ သစ်ပုတ်အုပ်စု ၊ သစ်ပုတ်တာဝါတိုင် စစ်ကောင်စီအထိုင်စခန်းအား ရိက္ခာလာပို့သည့် ကားအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းထံမှ သိရသည်။

ပေါင်းတည်မြို့နယ် သစ်ပုတ်တာဝါတိုင် စစ်ကောင်စီအထိုင်စခန်းအား အင်အား (၁၅)ဦးဖြင့် ရိက္ခာလာပို့သည့် ကားအား ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၆) ရက်နေ့ နံနက် (၆) နာရီခန့်တွင် သစ်ပုတ်ရွာအနောက်ဘက် မြေနီလမ်းမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ပြီး၊ အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အမျိုးမျိုး ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီဆောင်ရွက်ပေးခြင်းများ မပြုလုပ်ရန် PPDF-၃၆၀၁ တပ်ရင်းမှ အသိပေးထားသည်။

#TachileikNewsAgency