ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၂၁)ဦးကို ထပ်မံဖော်ထုတ် ဖမ်းဆီးလိုက်သည်ဟု စစ်ကောင်စီက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ဖော်ပြသည်။
ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား(၂၁)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမှုများလုပ်ဆောင်နေပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမည်ဟု ဆိုသည်။
အဆိုပါဒေသတွင် ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများအား လုံခြုံရေးဆောင်ရွက်ပေးနေသူ (၅)ဦး၊ တရုတ်နိုင်ငံသား အမျိုးသား (၄၈)ဦး၊ အမျိုးသမီး (၂)ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး (၁၈)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၅)ဦး၊ အမျိုးသမီး(၂၉)ဦး စုစုပေါင်း (၁၀၂) ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီကဖော်ပြသည်။
၎င်းတို့ထံမှ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ (၂၆၀)လုံး၊ Laptop (၂၅)လုံး၊ Destop (၂၁)လုံး၊ Keyboard (၂၈)လုံး၊ Wifi စက်(၂)လုံး၊ Starlink (၇)လုံး၊ လက်နက်မျိုးစုံ (၇)လက်၊ ကွန်ပျူတာ (၇၂)လုံး၊ ငါးဂိမ်းစက် (၅)လုံး၊ မော်တော်ယာဉ်မျိုးစုံ (၃)စီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးရမိသူများအား စိစစ်၍ ဉပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုရှေ့ရှု၍ သက်ဆိုင်ရာနိုင်ငံများထံ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး စီစဉ်နေသည်ဟု သိရသည်။
တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ဆောင်နေသူများနှင့် အခြားဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တင်းတင်းကြပ်ကြပ် စုံစမ်းဖော်ထုတ်နေသည်ဟုလည်း ဆိုသည်။
သို့သော်လည်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။
#TachileikNewsAgency
__________________________________________
Tachileik News Agency ၏ သတင်းလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် တဖက်တလမ်းမှ ကူညီပံ့ပိုးနိုင်ပါသည်။
👉 https://buymeacoffee.com/tachileiknewsagency