သန်းခေါင်စာရင်းကောက်ယူရန်ခက်ခဲသည့် ဒေသများတွင် အနီးစပ်ဆုံးစာရင်း ကိုက်ညီမှုရရှိအောင် ဆောင်ရွက်ရန် စစ်ခေါင်းဆောင်ညွှန်ကြားထား

သန်းခေါင်စာရင်းကောက်ယူရန်ခက်ခဲသည့် ဒေသများတွင် အနီးစပ်ဆုံးစာရင်း ကိုက်ညီမှုရရှိအောင် ဆောင်ရွက်ရန် စစ်ခေါင်းဆောင်ညွှန်ကြားထား

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာနှင့် မလုပ်နိုင်တောင် အပိုင်းအလိုက် လုပ်ဆောင်မည်ဟု ပြောဆိုထားပြီး သန်းခေါင်စာရင်းကောက်ယူရန်ခက်ခဲသည့် ဒေသများတွင် အနီးစပ်ဆုံးစာရင်း ကိုက်ညီမှုရရှိအောင် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်းခေါင်စာရင်းကောက်ယူရာတွင် ခက်ခဲသည့်ဒေသများကို အနီးစပ်ဆုံးစာရင်းရရှိအောင်ဆောင်ရွက်ရန်နှင့် ကောက်ယူရရှိနိုင်သည့် မြို့နယ်များကို ဦးစွာကောက်ခံထားပြီး၊ ဆက်စပ်မြို့နယ်များကို စစ်တပ်နှင့်ရဲ အင်အားအသုံးပြု၍ ကောက်ယူသွားမည်ဟု ၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် လူထုလက်မခံသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ဇွန်လ ပထမပတ်အတွင်း လှုပ်ရှားမှု (၄၅) ကြိမ်ပြုလုပ်ခဲ့ကြောင်း BACS အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများဖြစ်သည့် ပန်းခင်းစီမံချက်၊ e-ID၊ ဇီဝအချက်အလက်ကောက်ယူမှု၊ သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က လှုပ်ရှားမှု (၁)ကြိမ်ရှိခဲ့ပြီး သတင်းမီဒီယာများတွင် ဖော်ပြမှု (၆)ကြိမ်ရှိခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်၊ e-ID၊ ဇီဝအချက်အလက်ဆိုင်ရာ လှုပ်ရှားမှုအကြိမ် (၃၀)ရှိခဲ့ပြီး သန်းခေါင်စာရင်းဆိုင်ရာ လှုပ်ရှားမှု (၆)ကြိမ်ရှိခဲ့ကာ ပန်းခင်းစီမံချက် အဆင့် (၃)လှုပ်ရှားမှု (၁၃) ကြိမ်ကို ရန်ကုန်တိုင်းအတွင်း အများဆုံး ပြုလုပ်ခဲ့ပြီး ကျန် (၆)ကြိမ်ကို ကရင်၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇီဝအချက်အလက်ကောက်ယူမှု (၁၁) ကြိမ်ကိုလည်း ပန်းခင်းစီမံချက်နှင့် တွဲဖက်ပြီး ရန်ကုန်၊ ကရင်၊ မွန်၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ပထမအပတ်အတွင်း နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများအနေဖြင့် USDP ပါတီက နိုင်ငံတဝန်း၌ လှုပ်ရှားမှုပေါင်း (၁၇)ကြိမ်နှင့် လှုပ်ရှားမှုအများဆုံး ဖြစ်ခဲ့ပြီး PP ပါတီက (၂) ကြိမ်၊ PPPပါတီ၊ NUPပါတီနဲ့ TNDP ပါတီတို့က (၁) ကြိမ်စီဖြင့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း BACS အဖွဲ့မှ ဆိုသည်။

ပြည်နယ်နှင့် တိုင်း အလိုက် လှုပ်ရှားမှုအနေဖြင့် ယခု သီတင်းပတ်အတွင်း ပြည်နယ်နှင့် တိုင်း ၅ ခုတွင် လှုပ်ရှားခဲ့ကြပြီး USDP ပါတီက နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်၊ PPP ပါတီက မန္တလေးတိုင်း၊ PPပါတီ က ဧရာဝတီ၊ NUPပါတီက ရန်ကုန်နှင့် TNDP ပါတီက ပါတီ အခြေစိုက်ရာ ကချင်ပြည်နယ် တို့တွင် လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါတီများ၏ လှုပ်ရှားမှု အမျိုးအစားများအနေနှင့် လူထုစည်းရုံးရေးက အများဆုံးဖြစ်ပြီး ပါတီတွင်းစည်းရုံးရေးက ဒုတိယအများဆုံးဖြစ်ကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး များလည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအတွက် မန္တလေးတိုင်းအတွင်း ခန့်မှန်းလူဦးရေ ၆ သန်း ၇ သိန်း ကျော်နှင့် ခန့်မှန်း အိမ်ထောင်စု ၁ သန်း ၅ သိန်းကျော်ရှိပြီး ၊ ကောက်ကွက် ၁၃,၀၀၀ ကျော်ကို စာရင်းစစ်/ကောက် စုစုပေါင်း ၅၀၀၀ ကျော်နှင့် ကောက်ယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် လဝကဝန်ကြီး မြင့်ကြိုင်မှ ပြောဆိုထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ဆောင်ရာ၌ နယ်မြေလုံခြုံရေးအရ သတ်မှတ်ရက်အတွင်း ကောက်ယူရန်နှင့် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရန် ကြိုတင်စီစဉ်ထားရန် လဝကဝန်ကြီး မြင့်ကြိုင်မှ ညွှန်ကြားထားကြောင်းသိရသည်။

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NUG ၏ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က စစ်ကောင်စီသည် ၂၀၂၅ ခုနှစ်၊ နှစ်လယ်လောက်၌ ရွေးကောက်ပွဲကို ပြုလုပ်နိုင်ကြောင်း ခန့်မှန်းပြောဆိုခဲ့ပြီး စစ်ကောင်စီသည် နယ်မြေစိုးမိုးနိုင်ခြင်းမရှိသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မြေပြင် မဲဆန္ဒနယ်များကို ပေါင်းစည်းပြီး ရွေးကောက်ပွဲကို PR(အချိုးကျကိုယ်စားပြုစနစ်) နှင့် ကျင်းပသွားနိုင်ခြေရှိကြောင်း ပြောဆိုထားသည်။

BACS အဖွဲ့သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများ၊ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီများ၏ အထွေထွေလှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းမီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency