ဒုတိယစစ်ခေါင်းဆောင်စိုးဝင်းနှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌတို့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးဆွေးနွေး

ဒုတိယစစ်ခေါင်းဆောင်စိုးဝင်းနှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌတို့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးဆွေးနွေး

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ဆွေးနွေးကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင် ဖော်ပြသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် ချင်းတောင်မြို့၌ ရောက်ရှိနေသည့် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO)၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့နှင့် ဇူလိုင်လ(၇)ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ ဆွေးနွေးသည်ဟု ဆိုသည်။

ဆွေးနွေးရာတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကိုအခြေခံ၍ ဆွေမျိုးပေါက်ဖေါ်ဆက်ဆံရေးကို တိုးတက်အောင်ဆောင်ရွက်နေပြီး နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနှင့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် သက်ဆိုင်ရာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုံခြုံရေးအပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများလည်း ပါဝင်သည်ဟုဆိုသည်။

ထို့အပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစားများ ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံသတင်းအချက်အလက်ဖလှယ်ရယူရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖော်ဆောင်ရေး၊ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော်နေပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးတို့အား ဆွေးနွေးသည်ဟု သိရသည်။

တရုတ်နယ်စပ်ရှိ မြို့များကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ထားပြီး လက်ရှိတွင်လည်း လားရှိုး၊ ကျောက်မဲ၊ နောင်ချိုမြို့များတွင် တိုက်ပွဲများပြင်းထန်နေသည်။

#TachileikNewsAgency

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး