နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်

နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်
ဇူလိုင် 2, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ ဒုံးတပ်ရင်း (၆၀၆)တပ်စခန်းကို TNLA ပူးပေါင်းတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ‌ဇူလိုင်လ(၂)ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်တိုက်ခိုက်နေသည်ဟု TNLA က သတင်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဘန့်ဘွေးရွာဘက်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၆)လုံး ပစ်ကူခဲ့ပြီး လေကြောင်းပစ်ကူများပါ အသုံးပြုတိုက်ခိုက်ခဲ့ကာ စစ်အင်အား (၅၀)ဦးလည်း ဖြည့်တင်းခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များဘက်က စကခ (၁)လက်အောက်ခံ ခမရ(၁၁၄)၊ ခမရ (၁၁၅)နှင့် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၁)၊ ခမရ (၃၀၃)၊ ခမရ(၃၀၆)တို့ပါဝင်သည်ဟု ဆိုသည်။

နောင်ချိုမြို့ရှိ ခမရ(၁၁၄)နှင့် (၁၁၅)တပ်စခန်းများကို TNLA က သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိသည့် တပ်ဖွဲ့ဝင်အချို့မှာ (၆၀၆)ဒုံးတပ်ထံတွင် သွားရောက်ပူးပေါင်းနေခြင်းဖြစ်သည်ဟု သိရသည်။

ဇူလိုင်(၁)ရက်နေ့ကလည်း (၆၀၆)ဒုံးတပ်တိုက်ပွဲနေရာသို့ စစ်ကောင်စီမှ Jet Fighter (၅)စီး၊ MI-35(၂)စီး၊ Y-12 (၁)စီးဖြင့် ပစ်ကူပေးခဲ့သည့်အပြင် Y-12 (၁)စီးဖြင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ကျောက်မဲမြို့ရှိ စစ်‌ကောင်စီ ခမရ(၅၀၁)၊ (၅၀၂) တပ်စခန်းတွင်လည်း ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဆက်ဖြစ်ပွားနေသည်ဟု သိရသည်။

မိုးမိတ်မြို့မှ မကျီးပင်ဒေသသို့ စစ်ကောင်စီဘက်မှ (၁၂၀)မမ လက်နက်ကြီးများဖြင့် ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်ခဲ့ပြီး ဇူလိုင်လ (၁)ရက်နေ့တွင် မိုးမိတ်မြို့ တပ်စခန်းနှင့် ပလက်တီနမ်ဟိုတယ်အနီး တပ်စွဲထားသည့်စစ်ကောင်စီတပ်မှလည်း ညောင်နီနှင့် သရက်ချိုရွာဘက်သို့ (၁၂၀)မမနှင့် (၄၅)မမ လက်နက်ကြီး (၇)လုံး ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News