မကြာမီ ဗိုလ်မှူးချုပ် အပွင့်တင်တော့မည့် တာချီလိတ် စစ်ဗျူဟာမှူးဟောင်း မင်းမင်းထွန်းကို ရခိုင်ပြည်နယ် စစ်ပွဲအတွင်း AA က အသေဖမ်းမိပြီး ဗိုလ်မှူးချုပ် အပါအဝင် (၂)ဦးကို အရှင်ဖမ်းမိ

မကြာမီ ဗိုလ်မှူးချုပ် အပွင့်တင်တော့မည့် တာချီလိတ် စစ်ဗျူဟာမှူးဟောင်း မင်းမင်းထွန်းကို ရခိုင်ပြည်နယ် စစ်ပွဲအတွင်း AA က အသေဖမ်းမိပြီး ဗိုလ်မှူးချုပ် အပါအဝင် (၂)ဦးကို အရှင်ဖမ်းမိ
ဖေဖော်ဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

 ရခိုင်ပြည်နယ်အတွင်း  ရက္ခိုင့်တပ်တော်(AA)က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဗိုလ်မှူးချုပ် နှင့် ဒုဗိုလ်မှူးကြီး (၂)ဦးကို အရှင်ဖမ်းမိပြီး  ဗိုလ်မှူးကြီးနှင့်ဒုဗိုလ်မှူးကြီး(၂)ဦးကို အသေရရှိကာ နောက်ထပ် ဗိုလ်မှူးချုပ်တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

ဖမ်းဆီးရမိသူများထဲတွင် ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃)မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ဒဏ်ရာများဖြင့် သေလုမျောပါး ဖြစ်နေချိန် ဖမ်းဆီးမိခဲ့ပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားပေးမှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီဖြစ်သည်ဟု သိရသည်။

၎င်းအပြင် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကိုလည်း ဖေဖော်ဝါရီလ (၇)ရက်နှင့် (၈)ရက်နေ့များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်း တိုက်ပွဲများအတွင်း အသက်လုထွက်ပြေးလာခဲ့စဉ် ၎င်းတို့ တပ်ဖွဲဝင်အချို့နှင့်အတူ အရှင်ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ 

မကြာမီ ဗိုလ်မှူးချုပ် အပွင့်တင်တော့မည့် တပ်မ (၁၁)၏ တပ်မမှူး  ဗိုလ်မှူးကြီး(ယာယီဗိုလ်မှူးချုပ်) မင်းမင်းထွန်းကို ဖေဖော်ဝါရီလ (၇)ရက်နေ့က မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း အသေဖမ်းဆီးရမိကြောင်း သိရသည်။

အလားတူ ပလက်ဝဒေသ၌ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်များအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နှုးဘူး ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကိုလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိကြောင်း သိရသည်။

ပလက်ဝဒေသအခြေစိုက်၊ အခြားသော ရှေ့တန်းဌာနချုပ်တစ်ခု ဖြစ်သော စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေမှာမူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ် မြုပ်၊ ထွက်ပြေးလွတ်မြောက်သွားသည်ကို လက်ရှိအချိန်တွင် အတည်မပြုနိုင်သေးဟု ထုတ်ပြန်ထားသည်။

အသေဖမ်းဆီးရရှိခဲ့သည့် (၂)ဦးအနက်  တပ်မ (၁၁)၏ တပ်မမှူး  ဗိုလ်မှူးကြီး(ယာယီဗိုလ်မှူးချုပ်) မင်းမင်းထွန်း တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဧပြီလက စပြီး စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၏ စစ်ဗျူဟာမှူးအဖြစ် ၂၀၂၃ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

တာချီလိတ်မြို့တွင် စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း လူမှုရေးအသင်းအဖွဲ့များကို အသုံးချကာ ပေးကမ်းရက်ရော လှူဒါန်းသူအဖြစ် လုပ်ဆောင်ပြပြီး တစ်ဖက်တွင် ယခင် တာချီလိတ် စစ်ဗျူဟာမှူးများထက် ငွေကြေးအတောင်းကြမ်းသူဖြစ်သည်ဟု အွန်လိုင်းလောင်းကစားလုပ်ငန်းရှင်များနှင့် တာချီလိတ်တွင်နေထိုင်သည့် တရုတ်နိုင်ငံသားလုပ်ငန်းရှင်များအကြား  နာမည်ဆိုးဖြင့် တိတ်တဆိတ် ကျော်ကြားခဲ့သူဖြစ်သည်။

"သူက လူရည်လည်တယ်လို့ ပြောလို့ရတယ်။ ပါးနပ်တယ်။ သူ့စိတ်က ထောင်မြင် ရာစွန့် ဆိုတဲ့ စိတ်ရှိတယ်။ တာချီလိတ်မှာ ဘယ်သူတွေက ငပွကြီးလဲ၊ ဘယ်သူတွေက သူ့ကို အရောင်တင်ပေးနိုင်သလဲ။ ဘယ်သူတွေကို သူ့ကို တိုက်ခိုက်နိုင်သလဲ ဆိုတာတွေကို ကောင်းကောင်းသိပြီး အသုံးချတတ်တယ်။ သူ တာချီလိတ်မှာရှိစဉ်တုန်းက လူမှုရေးအသင်းအဖွဲ့တွေကို လှူဒါန်းပေးနေတာတွေ၊ လူအများမြင်သာတဲ့ နေရာတွေမှာ ထမင်းဗူးဝေတာတွေ တွေ့ရတယ်။ ဒါကလည်း စစ်တပ်ရဲ့ စည်းရုံးရေး ဗျူဟာတစ်မျိုးပေါ့။ အဲ့တော့ သူ့ကို သဘောထားကောင်းတယ်။ စိတ်စေတနာပြည့်ဝတယ်လို့ မြင်သွားကြတယ်။ တကယ်က နောက်ကွယ်မှာ အတော်လေး အတောင်းကြမ်းတယ်။ တရုတ်လုပ်ငန်းရှင်တွေဆို သူ့ကို ကြောက်လဲကြောက်ရ အတော်လေးလည်း စိတ်ပျက်ခဲ့ကြရတဲ့အထိပဲ"ဟု တရုတ်နိုင်ငံသားလုပ်ငန်းရှင်များနှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

"တာချီလိတ်က အချို့ လူမှုရေးအသင်းအဖွဲ့တွေကလည်း သိတဲ့အတိုင်း ငွေလေး နည်းနည်းလှူပေးလာရင်ကို စစ်တပ်က ဗျူဟာမှူးအဆင့်က အဖက်လုပ်ပြီး လှူပေးတယ်ဆိုပြီး သာယာနေတတ်ကြတာခပ်များများ။ နောက်ပြီး တာချီလိတ်က အာဏာသိမ်းမှ ပေါ်လာတဲ့ တချို့ သတင်း page တွေက လူတစ်စုကိုလည်း သူ့အိတ်ကပ်ထဲ ထည့်ထားတယ်။ ဒါမတင်နဲ့ဆို သူတို့မတင်ရဲဘူး။ ဒါတင်ဆိုမှ တင်ရဲတာ။ အဲ့ထဲက အမျိုးသမီးတစ်ယောက်ကိုဆိုရင်လည်း ရွှေဆွဲကြိုးဝယ်ပေးတဲ့အထိပဲ။ သူ့ရဲ့ ပိုင်ဆိုင်မှာက တာချီလိတ်မှာ အများကြီးရှိတယ်။ မယ်ခေါင်ရပ်ကွက်ထဲမှာဆိုလည်း တိုက်ကြီးဟိန်းနေတာပဲ သူပိုင်ခဲ့တာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းသည် တာချီလိတ်မြို့တွင် နေထိုင်ခဲ့သည့် အစောပိုင်းကာလတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးမှာ ဗိုလ်ချုပ် မျိုးမင်းထွန်းဖြစ်၍ ၎င်း၏ ဆရာအရင်းဖြစ်သည့်အတွက် တာချီလိတ်ဒေသတွင်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်သည့်အတွက်  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အပေးအယူမတည့်မှုများအထိပါ ဖြစ်လာခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်  ၎င်းနှင့် နီးစပ်ပြီး လူအများရှေ့ အလှူအတန်းများလုပ်ပြရာတွင် ပါဝင်ပြီး KTV တွင် အတူ ပျော်ပါးဖက်ဖြစ်သည့်  ရဲပြုတ် လူငယ်တစ်ဦးထံကနေ  ၂၀၂၂ခုနှစ်၏ ဧပြီလအတွင်းက မမျှော်လင့်ဘဲ စိတ်ကြွဆေးပြား (၁၂)သန်းကျော်နှင့် လက်နက်အချို့အပါအဝင် ကား/ဆိုင်ကယ်များနှင့် ရွှေချောင်းများ ဖမ်းဆီးသိမ်းဆည်းရရှိခဲ့သည့် ဖြစ်စဉ်တုန်းကလည်း  ၎င်းအတွက် ခွဲတန်း တော်တော်များများ ရရှိသွားခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

မင်းမင်းထွန်းသည် တာချီလိတ်တွင် ဗိုလ်မှူးကြီးရာထူးဖြင့်  စစ်ဗျူဟာမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ယာယီဗိုလ်မှူးချုပ်အနေဖြင့် အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်စေကာ ၂၀၂၄ခုနှစ် မတ်လအတွင်း၌ ဗိုလ်မှူးချုပ်ရာထူးကို ရရှိမည်ဖြစ်သော်လည်း ယခုအခါတွင် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။