မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူကျေးရွာအုပ်စုအတွင်းရှိ စဉ့်ကူနယ်မြေရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲ (၅)ဦးအား ဒေသကာကွယ်ရေးတပ်များက ဘီယာဆိုင်တစ်ဆိုင်တွင် ဝင်ရောက်ပစ်ခတ်ရာ ရဲတချို့သေပြီး သေနတ်(၃)လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)က ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
၎င်းရဲများကို ဒီဇင်ဘာဘာ(၁)ရက်နေ့၏ နေ့လည်ပိုင်းက ပခုက္ကူမြို့ပြပြောက်ကျား တပ်ဖွဲ့ (တပ်ဖွဲ့-၂)မှ ကွန်မန်ဒို ရဲဘော်(၄)ဦးဖြစ်သည့် ရဲဘော်ဒီး၊ ရဲဘော်ပုဂံကြီး၊ ရဲဘော်ပုဂံလေးနှင့် ရဲဘော် King တို့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး G3 နှစ်လက်နှင့် အူဇီတစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုသည် ပြည်သူကို မတရား အခွန်ကောက်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ မတရားဥပဒေများဖြင့် ပြည်သူကို ဖိနှိပ်နှိပ်စက်နေခြင်းတို့ကြောင့်ဟုလည်း ဆိုသည်။
ယင်းသို့ ဝင်ရောက်ပစ်ခတ်နိုင်ရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ-၁ မှ သတင်းအချက်အလက် ထောက်လှမ်းပေးမှုနှင့်အတူ အချိန်တစ်လ ကျော်ကြာ ပြင်ဆင်ခဲ့ရသည်ဟုလည်း ဆိုသည်။
ဖြစ်စဥ်အတွင်း ရဲဘော်တစ်ဦး၏ ပေါင်ကိုကျည်ထိမှန်ခဲ့သော်လည်း အသက်အန္တရယ် မစိုးရိမ်ရဟုလည်း ထုတ်ပြန်ထားသည်။