အာဏာသိမ်းတပ်က ကလေးတောင်ပိုင်းမှ တပ်အချို့ကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်သွားပြီး ဂန့်ဂေါမြောက်ပိုင်းရှိ နှမ်းခါးကျေးရွာကို  ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ

အာဏာသိမ်းတပ်က ကလေးတောင်ပိုင်းမှ တပ်အချို့ကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်သွားပြီး ဂန့်ဂေါမြောက်ပိုင်းရှိ နှမ်းခါးကျေးရွာကို  ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ
ဒီဇင်ဘာ 17, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီး တပ်စွဲထားကြသည့် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များကို ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်နေသည်ကိုတွေ့ရပြီး မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း နှမ်းခါးကျေးရွာကိုလည်း ရဟတ်ယာဉ် (၂)စီးဖြင့် ပစ်ခတ်နေကြောင်း Tachileik News Agency သို့ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ နေ့လယ်ပိုင်းအချိန်ထိ စစ်ကိုင်းတိုင်း၊ မုံရွာရှိ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)အတွင်းမှ စစ်ရဟတ်ယာဉ် (၅)စီး ပျံတက်သွားသည်ကို တွေ့ရပြီးနောက် ကလေးမြို့နယ်တောင်ပိုင်းအတွင်း ပြီးခဲ့သည့်ရက်များက ကျေးရွာများ မီးရှို့ဖျက်ဆီး၍ တပ်စွဲထားကြသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်များဖြင့် သယ်ထုတ်သွားသည်ကို ဒေသခံများက တွေ့လိုက်ရကြောင်း သိရသည်။

ယင်းနောက် အနီးရှိ မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါမြို့နယ်မှ နှမ်းခါးကျေးရွာကို အာဏာသိမ်းတပ်က ရဟတ်ယာဉ် (၂)စီး ပျံဝဲပြီး ပစ်ခတ်နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

အလားတူ ယနေ့ နေ့လယ်ပိုင်းက ပုလဲ- ဂန့်ဂေါလမ်းပိုင်းတွင်လည်း အာဏာသိမ်းတပ်၏ယာဉ်တန်း ပုံတောင်ဘက်မှ ပုံညာဘက်သို့ ထွက်သွားသည်ကို တွေ့ရကြောင်း သိရသည်။