မင်းဘူးခရိုင်အတွင်း တိုက်ပွဲဖြစ်ပြီး နေအိမ်များမီးရှို့ခံရကာ အရပ်သားတစ်ဦး ဒဏ်ရာရ

မင်းဘူးခရိုင်အတွင်း တိုက်ပွဲဖြစ်ပြီး နေအိမ်များမီးရှို့ခံရကာ အရပ်သားတစ်ဦး ဒဏ်ရာရ

မကွေးတိုင်း မင်းဘူးခရိုင်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ရွာအတွင်းဝင်ရောက်မီးရှို့ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း မိုးကြိုးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ၂၀၂၄ ခုနှစ် ဇွန်လ (၂၆)ရက်နေ့မှစတင်ကာ ဇူလိုင်လ (၈)ရက်နေ့ထိ ဝင်ရောက်လာသဖြင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁)တပ်ရင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၈)ရက်နေ့တွင် အဆိုပါစစ်ကြောင်းမှာ စလင်းမြို့နယ်အတွင်းရှိ ခင်ပလူ‌ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း‌ကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကာ စစ်တပ်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးထိမှန်၍ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းအား မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁)တပ်ရင်း၊ မင်းဘူးခရိုင် အမှတ်(၁၊ ၄၊ ၅)တပ်ရင်း၊ စလင်းမြို့နယ် ပကဖ၊  မကွေးခရိုင် အမှတ်(၁) တပ်ရင်း၊ ‌SLN Local PDF၊ ဒေါင်းစစ်အောင် Local PDF တို့မှ ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။

#TachileikNewsAgency