မြောင်းမြအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခံရပြီး ကျူးလွန်သူအား ထောင်အာဏာပိုင်များမှ အကာအကွယ်ပေးထား

မြောင်းမြအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခံရပြီး ကျူးလွန်သူအား ထောင်အာဏာပိုင်များမှ အကာအကွယ်ပေးထား

ဧရာဝတီတိုင်း မြောင်းမြအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦးအား သေဒဏ်ကျ ရာဇဝတ်သားတဦးမှ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ပြီး ကျူးလွန်သူအား ထောင်အာဏာပိုင်များမှ အကာအကွယ်ပေးထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြောင်းမြအကျဉ်းထောင်တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့က နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်အား ဒုတာဝန်ခံအရာရှိ တင့်ဆွေ၏ လက်ကိုင်တုတ်ကဲ့သို့ စနစ်တကျ မွေးမြူထားသည့် သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား လင်းလင်းမှ  သတ်ဖြတ်ရန်ရည်ရွယ်ပြီး သံချွန်ဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၁၆) ရက်နေ့ ညနေ ငါးနာရီဝန်းကျင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်အား ရာဇဝတ်အကျဉ်းသား လင်းလင်းက ရန်ငြိုးဟူ၍ ခိုက်ရန်ဖြစ်ပွားဖူးခြင်းမျှပင်မရှိဘဲ သေချာပြင်ဆင်ပြုလုပ်ထားသည့် သံချွန်ဖြင့် နောက်ကျောဘက်မှ အလစ်အငိုက် ဝင်ရောက် ထိုးသွင်းကာ သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားစဉ် ကိုရဲရင့်အောင်မှ အချိန်မီ ရှောင်တိမ်းနိုင်လိုက်သည့်အတွက် သံချွန်သည် အုတ်နံရံသို့သာ ထိုးမိပြီးနောက် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံးထွေးခိုက်ရန်ဖြစ်ပွားပြီးနောက် ရာဇဝတ်အကျဉ်းသား လင်းလင်းသည် အနီးနားတွင် ရှိနေသည့် ကွပ်ပျစ်ကြမ်းခင်းမှ ပြုတ်နေသည့် သစ်သားချောင်းအား နုတ်ယူကာ နိုင်ငံရေးအကျဉ်းသားကိုရဲရင့်အောင်၏ ဦးခေါင်းအား ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“ကံကောင်းထောက်မစွာ အသက်အန္တရာယ် ဆုံးရှုံးမှု မရှိခဲ့ပေမယ့် ရိုက်နှက်ခံရတဲ့ ဒဏ်ရာကြောင့်မို့ အနည်းဆုံး ခေါင်း (၆)ချက်လောက် ချုပ်ခဲ့ရပါတယ်ဗျ။ ဒီအပေါ်မှာ ထောင်အာဏာပိုင်တွေဟာ ထိရောက်တဲ့အရေးယူဆောင်ရွက်မှု မရှိခြင်းဟာ ဒီနောက်ကွယ်မှာ ထောင်အာဏာပိုင်တွေ အဓိက ပါဝင်ပက်သက်နေတယ်ဆိုတာ ပိုပြီးပေါ်လွင်တဲ့အချက်တွေ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ပြောချင်ပါတယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါဖြစ်စဉ်အား PPNM မှ အသေးစိတ်သိရှိနိုင်ရန်အတွက် ကြိုးပမ်းခဲ့ရာ ဖြစ်စဉ်မတိုင်မီတစ်ရက်အလိုတွင် ထောင်အာဏာပိုင် ဒုတာဝန်ခံ တင့်ဆွေမှ ရာဇဝတ်အကျဉ်းသား လင်းလင်းကို နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုရဲရင့်အောင်နှင့် ဒေါက်တာပြည့်ဖြိုးအား ရိုက်နှက်ရန်နှင့် နောက်ဆက်တွဲ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာမည်ဆိုပါက ၎င်းအနေဖြင့် ရှင်းလင်းပေးမည်ဖြစ်ကြောင်း နှုတ်ဖြင့် သေချာမှာကြားခဲ့သည်ကို စုံစမ်းသိရှိ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးချိန်၌လည်း ဒုတာဝန်ခံ တင့်ဆွေနှင့် ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့သည် ကျူးလွန်ခံရသည့် နိုင်ငံရေးအကျဉ်းသားများကို ဆေးဝါးကုသပေးမှုကိုသာ ဟန်ပြပြုလုပ်ပေးခဲ့ပြီး ကျူးလွန်သူ သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား လင်းလင်းအား ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ထားခြင်းမရှိကြောင်း သိရှိရသည်။

“အကျဉ်းထောင်ထဲမှာ ဖြစ်တဲ့ကိစ္စတွေကို ပြင်ပတရားရုံးတွေကနေ ဆောင်ရွက်ခွင့်မရှိရင်တောင် ထောင်တွင်းရဲ့ လက်စွဲဥပဒေအရ ထောင်တွင်းတရားရုံးတွေကနေ အပြစ်ပေးအရေးယူတာမျိုး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သေဆုံးမှုတွေဖြစ်ခဲ့ရင်လည်း သေဆုံးမှုနဲ့ ညီမျှတဲ့ အပြစ်ပေးအရေးယူမှုတွေရှိဖို့ လိုအပ်သလို ၊ လုပ်ကြံရန် ကြံစည်တဲ့ကိစ္စတွေ ဒါဟာလည်း ပေါ်လွင်ခဲ့တာဖြစ်တယ် ၊ နောက်တခုက ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်ဆက်တာတွေ ဒါဟာလည်း ပေါ်လွင်ခဲ့တာဖြစ်တယ်။ ဒီအပေါ်မှာတော့ ထိရောက်တဲ့ အပြစ်ပေးအရေးယူဆောင်ရွက်မှုတွေ အခုအချိန်အထိ မရှိသေးဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

လက်ရှိတွင် အိမ်မဲ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသား ဒေါက်တာပြည့်ဖြိုးသည် ထောင်အာဏာပိုင်များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနေရသော်လည်း တီဗီရောဂါသည် အကျဉ်းသားများထားရာ အခန်းတွင်သာ အသက်အန္တရာယ်အတွက် ထပ်မံကျူးလွန်နိုင်သည့် ရည်ရွယ်ချက်များဖြင့် ထည့်ထားခြင်းကို ခံနေရဆဲဖြစ်ကြောင်း သိရသည်။

သို့အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်နေသည့် ဒုတာဝန်ခံ တင့်ဆွေအပါအဝင် တရားဝင် အရေးယူမှုမရှိသည့် ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့ကို ယင်းကဲ့သို့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးနေဖောက်မှုကိစ္စများနှင့်ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုအပြည့်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့က အသိပေးထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency