ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်၏ လက်နက် အလက် ၄၀၀ ကျော်နှင့် ဘိန်းဖြူများကို တော်လှန်ရေးတပ်များသိမ်းဆည်းရရှိ

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်၏ လက်နက် အလက် ၄၀၀ ကျော်နှင့် ဘိန်းဖြူများကို တော်လှန်ရေးတပ်များသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်အလက် (၄၀၀)ကျော်ကို သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်စခန်းများမှ ဘိန်းဖြူများကိုလည်း သိမ်းဆည်းရရှိကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံမှ သိရသည်။ 

ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်များက (၅၃)ရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများသည် လက်နက်ချ ဆုတ်ခွာခွင့်တောင်းသဖြင့် ဆုတ်ခွာခွင့်ပေးလိုက်ပြီးနောက် ပင်လည်ဘူးမြို့ကို အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက အလုံးစုံထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

“ပင်လည်ဘူးမှာရှိတဲ့ စကစတွေက စခန်းစွန့်ထွက်ပြေးတယ်လို့သိရပါတယ်။ နောက်ဆုံးခံတပ်ရဲစခန်းအပါအဝင် စကစတွေ နေရာယူထားတဲ့ဆီက နေရပ်စွန့်ခွာခွင့်ပေးလိုက်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေက မြို့ကိုအပြီးသိမ်းလိုက်တာပါ။”ဟု စစ်ရေးနှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကို ပြောသည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် ရဲစခန်းနှင့် စစ်ကူလာရောက်သော ဘဏ်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒဏ်ရာရသူများ၊ မိသားစုဝင်များနှင့် ရိက္ခာပြတ်လပ်ခြင်းကြောင့် လက်နက်ချ ဆုတ်ခွာခွင့်ပြုရန် ခွင့်တောင်းခံလာခြင်းကြောင့် ချက်ခြင်းစီစဥ်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ပြေးလမ်းဖွင့်ပေးလိုက်တယ်လို့သိရပါတယ်။ ဖွင့်တယ်ဆိုတာထက် ကြည့်ရတာ ညှိနှိုင်းကြပုံရပါတယ်။ စကစ အင်အားကလဲ (၄၀၀)ကျော်၊ (၅၀၀)နီးပါး ရှိသေးတယ်ဆိုတော့ တိုက်ခိုက်ဖို့ နှစ်ဘက်အထိနာနိုင်ကြတယ်ထင်ပါတယ်။”ဟု ၎င်းက ဆက်ပြောသည်။

လက်နက်ချသူများကို ဝန်းသိုမြို့သို့ ဆုတ်ခွာခွင့်ပြုခဲ့ပြီး အခြားဖမ်းဆီရမိသည့် သုံ့ပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ဆိုသည်။ 



ပင်လည်ဘူးမြို့အတွင်းရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ(၃၀၁)၊ ခမရ(၁၀၁)၊ ခမရ(၁၁၁)၊ SNA တပ်ရင်း (၆၁၄)၊ ရဲတပ်ဖွဲ့တို့ပါဝင်ပြီး စစ်ကောင်စီတပ်က စစ်ကူ(၄)ကြိမ်လာရောက်ခဲ့ကာ စစ်ကူတပ်ရင်းများမှာ ခမရ (၃၆၃)၊ ခမရ(၁၆)၊ ခမရ(၃၆၈)၊ ခမရ(၈၇)၊ စုစုပေါင်းတပ်ရင်း(၁၁)ရင်းခန့်ရှိသည်ဟု သိရသည်။ 

စစ်ကောင်စီသည် (၅၃)ရက်ကြာတိုက်ပွဲအတွင်း လေယာဥ်အမျိုးအစား အမျိုးမျိုးဖြင့် စုစုပေါင်း အကြိမ်ရေ (၁၃၀)ကျော်ဖြင့် ဗုံးအရွယ်အစား အမျိုးမျိုး ပေါင်(၅၀၀)၊ ပေါင်(၃၀၀)၊ ပေါင်(၂၀၀) စုစုပေါင်း အလုံးရေ(၃၀၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကာ ယနေ့အထိ လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေဆဲဟု သိရသည်။

စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ စစ်ကူစစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းဖမ်းဆီးခံရပြီး သုံ့ပန်း အမြောက်အများကိုလည်း ဖမ်းဆီးရမိသည့်အပြင် လာရောက်အလင်းဝင်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိကြောင်း သိရသည်။ 

သိမ်းဆည်းရရှိပစ္စည်းများတွင် စစ်ကောင်စီတပ်၏ နောက်ဆုံးအခြေပြုရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေ ခန့်မှန်း ခွက်ရေ(၈၀)ခန့်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ 

တိုက်ခိုက်မှုကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်းများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျုဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ (ပကဖ)လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ကန့်ဘလူခရိုင် (ပကဖ)လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ရွှေဘိုခရိုင် (ပကဖ)ဒရုန်းတပ်ဖွဲ့နှင့် တိုက်ခိုက်ရေးတပ်ဖွဲ့၊ ဒေသခံ ကောလင်းခရိုင် (ပကဖ)လှုပ်ရှားတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ(ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး မြို့နယ် ပကဖတပ် ဖွဲ့ဝင်များ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့