မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း မြိုင်-ပကဖ ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းအား မြိုင် ပကဖနှင့် ဒေသတွင်း တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိခဲ့ပြီး စခန်းအား ယာယီစွန့်ခွာသွားခဲ့ကြောင်း မြိုင်-ပကဖက ဆိုသည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မဲဇလီရဲစခန်းအား စစ်ကူပေးရန်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပွင့်ဖြူမြို့နယ် မဒဲကုန်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မဲဇလီကျေးရွာ ပတ်ဝန်းကျင်သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မြိုင်-ပကဖ က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများအား မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ မင်းဘူးခရိုင်တပ်ရင်း ၆၊ တပ်ရင်း ၄ ၊ JOKER ပြောက်ကျားတပ်ဖွဲ့ (MYG) ၊ Young Force People Defence Force(PKU) ၊ Earthquake People Defence Force (PKU) နှင့် စေတုတ္တရာ ပအဖတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:မြိုင် ပကဖ (ပုံဟောင်း)