ကလေးမြို့အနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ  လက်နက်  (၁၉)လက် နှင့် ကျည်များ သိမ်းဆည်းရရှိ

 ကလေးမြို့အနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ  လက်နက်  (၁၉)လက် နှင့် ကျည်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး၌ စစ်ကောင်စီတပ်နှင့် ကလေးခရိုင် တပ်ပေါင်းစုတို့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် (၁၉)လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

အထူးလှုပ်ရှားတပ်ရင်း (၂၊ ၆)၊ ကလေးခရိုင် လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပကဖ၊ CDF-KKG၊ RKDF၊ RCDF၊ EFDF၊ HNB နှင့် ဒေါင်းသွေးရာဇာ ပူးပေါင်းအဖွဲ့တို့သည် ပျူစောထီးရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာအား  ၂၀၂၄ ခုနှစ် မတ်လ(၁၆)ရက်နေ့က တိုက်ခိုက်ခဲ့ပြီး ကလေးခရိုင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့မှ မင်းလှရွာအား ဖြတ်တောက်ရေးတာဝန်ယူခဲ့ကြောင်း သိရသည်။

အောင်မြင်သာရွာတွင် ဗိုလ်ကြီးကျော်လင်းမောင် ဦးစီးသော စစ်ကောင်စီတပ်အင်အား (၂၂)ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား (၄၀)ဦး အခြေချေနေထိုင်ပြီး ကျောင်းတိုက်ရွာ၌ ဗိုလ်ဖြိုးသန့် ဦးစီးသော စစ်ကောင်စီတပ်အင်အား (၂၇)ဦးနှင့် ပျူစောထီး ပူး ပေါင်းအင်အား (၅၉)ဦး အခြေချသည်ဟု ဆိုသည်။  

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးသေဆုံးပြီး ကျောင်းတိုက်ရွာအား သိမ်းပိုက်နိုင်ခဲ့ပးကာ ကျောင်းတိုက်ရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဆည်တော်ဦးရွာနှင့် အောင်မြင်သာရွာသို့ ဆုတ်ခွာသွားသည်ဟု ဆိုသည်။

ကျောင်းတိုက်ရွာသို့ ကလေးမြို့မှ တက်လာသော Mi-35 ဖြင့် လေကြောင်းဖြင့် (၂)ကြိမ်တိုက်ခိုက်ခဲ့ရာ တော်လှန်ရေး ရဲဘော် (၂)ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA-15 (ငါးကြင်းမြှီး)နှင့် MA-10 (RPG-7) အပါအဝင် လက်နက် (၁၇)လက်၊ ကျည်မျိုးစုံ (၁၃၀၀)ကျော်၊ ဗုံးသီးမျိုးစုံ (၁၀)လုံးကျော်၊ ကျည်အိမ် (၃၀)ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

ထို့အပြင် နန်းစောင်းပုရွာသစ်၌ ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ(၂၂)လက်အောက်ခံ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀)ခန့်အား အထူးလှုပ်ရှားတပ်ရင်း (၂၊ ၅)၊  ကလေးခရိုင်ဒရုန်းတပ်ဖွဲ့၊ ကလေးခရိုင် တပ်ရင်း (၂၊ ၄၊ ၅)၊ ကလေးမြို့နယ် ပကဖ၊ RKDF၊ HNB၊ EFDF၊ ဒေါင်းသွေးရာဇာ၊ S2UG၊ GRF၊ TCDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒရုန်းများဖြင့်လည်း ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး၏ အလောင်း (၂)လောင်းအပြင် လက်နက်ငယ် (၂)လက်၊ MA ကျည် (၁၇)တောင့်နှင့် ကျည်အိမ် (၂)ခုကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ကလေးမြို့အနီးဝန်းကျင်ရှိ တိုက်ပွဲမဖြစ်ပွားသော နေရာများသို့လည်း လက်နက်ကြီးများ၊ မီးလောင်ဗုံးအပါ ဗုံးအလုံး (၂၀၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အချို့မီးလောင်ပြီး အရပ်သားတချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။