စစ်ကြောင်းထိုးလာသဖြင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာတချို့ တိမ်းရှောင်နေရ

စစ်ကြောင်းထိုးလာသဖြင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာတချို့ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိကျေးရွာများ စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၄)ရက်နေ့၊ နံနက်ပိုင်းတွင် တိမ်းရှောင်နေရကြောင်း သိရသည်။



ယနေ့ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာဘက်မှကူးလာသည့် အင်အား(၁၀၀)ဝန်းကျင်ပါ စစ်ကြောင်းသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ညောင်ပင်ကြီးကျေးရွာအုပ်စုသို့ ရောက်ရှိလာခြင်းကြောင့် ကျေးရွာ(၆)ရွာမှ ဒေသခံများ ရှောင်တိမ်းနေကြရခြင်းဖြစ်သည်။



အဆိုပါစစ်ကြောင်းသည် ယမန်နေ့ ဇွန်လ(၃)ရက်နေ့က ညောင်ပင်ကြီးရွာမှ ဖမ်းဆီးလာသူ အရပ်သား ကိုဗန့်ကျီဆိုသူကို ခေါ်ဆောင်ပြီး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။



"မနေ့ကစပြီး မုံရွာကနေဝင်လာတယ် ဒီဘက်ကမ်းကို။ အဲဒီမှာ ကိုဗန့်ကျီနဲ့တိုးပြီးဖမ်းခံရတယ်။ ပြီးတော့ညနေမှ ပြန်သွားတယ်။ ဒီမနက်မှာ ကိုဗန့်ကျီကိုခေါပြီး နောက်ထပ်ပြန်လာလို့ ဒေသခံတွေ ရှောင်နေရတယ်။ ဒေသခံ (၇၀၀၀)လောက်ရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ ဇွန်လ(၄)ရက်နေ့၊ ညပိုင်းတွင်ပြောသည်။



၎င်းစစ်ကောင်စီတပ် စစ်ကြောင်းသည် ညောင်ပင်ကြီးရွာရှိ နေရာ (၂)ခု၌ ယာယီအထိုင်ချထားခြင်း‌ကြောင့် ညောင်ပင်ကြီး၊ ထန်းတော၊ ရွှေအင်းလေး၊ နှင်းတော၊ သိမ်တော်၊ ရွာရှည်ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။



#TachileikNewsAgency

Photo : Aung Khant Zaw