ချင်းညီနောင်လှုပ်ရှားနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သူများကို အရေးယူမည်ဟု သတိပေး

ချင်းညီနောင်လှုပ်ရှားနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သူများကို အရေးယူမည်ဟု သတိပေး
စက်တင်ဘာ 30, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်အတွင်းရှိ ချင်းညီနောင်လှုပ်ရှားနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်သည့် မည်သူကိုမဆို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့များက ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်တွင်းစစ်မီးများဖြင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေပြီး ပြည်သူများအနေဖြင့် စစ်ဘေး၊ သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်းစာရင်းကိုအသုံးပြုကာ အတင်းအဓမ္မစစ်သားစုဆောင်းရန်နှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နိုင်မည့် အခြားကိစ္စများတွင် အသုံးပြုရန်ရည်ရွယ်ပြီး သန်းခေါင်စာရင်းများကောက်ယူရန် ပြင်ဆင်လာမှုသည် မိုက်ရူးရဲဆန်ပြီး စစ် ခေါင်းဆောင်၏ အာဏာမက်မောမှုကို ပြသနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးခြင်း၊ ပူးပေါင်းပါဝင်ခြင်းများ မပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ယူရေးကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

#TachileikNewsAgency