ဝိုင်းမော်ရဲစခန်း KIA ဝင်တိုက်

ဝိုင်းမော်ရဲစခန်း KIA ဝင်တိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၂၀၂၄ ခုနှစ် မေလ(၂၈)ရက်နေ့ ညပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း သိရသည်။

ဝိုင်းမော်ရဲစခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ရာ ခလရ(၅၈) တပ်ရင်းကလည်း လက်နက်ကြီးပစ်ကူပေးခဲ့သဖြင့် တစ်ညလုံး လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆူညံနေသည်ဟု ဒေသခံများကပြောသည်။

"မနေ့ညက (၁၀)နာရီကျော်လောက်အထိတော့ ပစ်ခတ်နေတာ။ ဒီမနက်တော့ ငြိမ်နေတယ်။ (၅၈)တပ်နဲ့က ဝေးပါတယ်။ အဲဒီတပ်က မြစ်ကြီးနား-စတုန်းပေါ့နော အဲဒီဘက်လမ်းပေါ်မှာရှိတာ။ ဝိုင်းမော်ရဲစခန်းကကျတော့ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှာရှိတာ။ ဝိုင်မော် မြို့ထဲပေါ့။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

KIA သည် ဝိုင်းမော်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဟု တပ်တွင်းသတင်းအရင်းအမြစ်က ဆိုသည်။

"မနေ့က (၅၈)တပ်ဘက်ကလည်းပစ်ကူပေးတယ်။ ရဲစခန်းကို KIA က ဝင်တိုက်နေတော့ ပစ်ကူပေးတာ။ မပခ ကလည်းပစ်ကူပေးခဲ့တယ်။"ဟု ၎င်းကပြောသည်။

ယနေ့ မေလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင်မူ ပစ်ခတ်သံများမကြားရတော့ဘဲ အခြေအနေတည်ငြိမ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် KIA ၏ထိုးစစ်ကို ကြောက်သဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လမ်းအား တင့်ကားနှစ်စီးရပ်၍ ပိတ်ချထားပြီး အတွင်း၌ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းကြီးများအား အမျိုးသမီးစစ်မေများကို အသုံးပြုတူးခိုင်းနေကာ ကင်းစောင့်ခိုင်းသည့် အခြေအနေရောက်နေကြောင်း သိရသည်။

#TachileikNewsAgency