မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ဟု BWM ထုတ်ပြန် 

မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ဟု BWM ထုတ်ပြန် 

မန္တလေးမြို့ရှိ စစ်ကောင်စီတပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် (၁၀၇)မမ ရှော့တိုက်ဒုံး (၁၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ (၇)လုံးကိုအောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar-BWM ကထုတ်ပြန်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) သည် တော်လှန်ရေးအင်အားစုများဆင်နွှဲနေသော ၁၀၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် အာဏာသိမ်း စစ်ရှုံးကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ်စခန်းများကို အဓိက ကွပ်ကဲနေသည့် အရေးပါသော စစ်တိုင်းဌာနချုပ်(၂)ခုထဲမှ တစ်ခုဖြစ်သဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများက အဆိုပါ စစ်တိုင်းကွပ်ကဲရေး ဌာနချုပ်နှစ်ခုထဲမှ တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကာ BWM အဖွဲ့နှင့် မဟာမိတ်အဖွဲ့များကလည်း တော်လှန်ရေး အင်အားစုများ၏ ၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီသည့်အနေဖြင့် ကျန်ရှိနေသေးသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို (၁၀၇)မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့တိုက်ခိုက်မှုသည် BWM နှင့်မဟာမိတ်အဖွဲ့များက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒုတိယ အကြိမ်မြောက် တိုက်ခိုက်သော မစ်ရှင်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမအကြိမ် တိုက်ခိုက်ခဲ့သေးသည်။

၂၀၂၄ ခုနှစ်အတွင်း BWM အဖွဲ့ သည် တော်လှန်ရေးမဟာမိတ်များနှင့်ပူးပေါင်း၍ အေလာလေတပ်စခန်းကို(၂)ကြိမ် ၊ တောင်ငူလေတပ်စခန်းကို (၃)ကြိမ်၊ တံတားဦး လေတပ်စခန်းကိုတစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ရှုံးစစ်ကောင်စီ ပြိုလဲသည်အထိ အရှိန်အဟုန်မြှင့်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့နံနက်(၄)နာရီအချိန်ခန့်တွင် လမ်း(၈၀×၁၁×၁၂)လမ်းကြား Kore အကြောပြင်တိုက်အပေါ် ဆုံးထပ်သို့ လက်နက်ကြီးတစ်လုံးကျရောက်ပြီး အမိုးပွင့်ကာ လူထိခိုက်မရှိကြောင်း သိရသည်။

"ကျုံးအနောက်မြောက်ဘက်ပေါ့။ ကျုံးဘေးကပ်လျက်ကိုကျတာ။ ပျက်စီးတာတွေတော့ရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒုတိယတစ်လုံးမှာ အမှတ်(၄)ရဲစခန်းအရှေ့ဘက်တိုက်သို့ ကျရောက်ကာ တိုက်အပေါ်ထပ် အုတ်နံရံပျက်စီးပြီး လူထိခိုက်မှုမရှိဟုသိရပြီး တတိယတစ်လုံးမှာ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။

#TachileikNewsAgency