မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီ-ဆည်တော်ကြိုးတံတားရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်များ ဝင်တိုက်ပြီးနောက် စေတုတ္တရာနှင့် ပွင့်ဖြူမြို့နယ် အစပ်ရှိကျေးရွာများ မီးရှို့ခံလိုက်ရကာ အဖွားအို တစ်ဦး ကျည်ထိမှန်သေဆုံးသည်ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။
ပွင့်ဖြူမြို့နှင့် (၁၈)မိုင်ဝေးသည့် မဲဇလီ-ဆည်တော်ကြိုးတံတားမှ အင်အား(၃)ဦးသာရှိသော စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက်နေ့ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် စေတုတ္တရာနှင့် ပွင့်ဖြူမြို့နယ်အစပ်ရှိကျေးရွာများအား စစ်ကောင်စီတပ်ကာ အင်အား(၂၀၀)ကျော်ဖြင့် ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ရာ နေအိမ် (၂၀၀)ကျော် မီးလောင်ပျက်စီးသည်ဟု သိရသည်။
“မုန်းတောင်ဖက်ခြမ်းမှာ တိုက်ခိုက်မှုဖြစ်နေစဉ်မှာပဲ စေတုတ္တရာနယ်အစပ်က ကျေးရွာတွေရယ် ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာတွေရယ် မီးရှို့ခံရတယ်။ မီးရှို့ခံရလို့ နေအိမ် ၂၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးသွားတယ်။”ဟု မင်းဘူးခရိုင် ပကဖ သတင်းတာဝန်ခံ ကိုအညာသားက Tachileik News Agency ကိုပြောသည်။
မဲဇလီ-ဆည်တော်ကြိုးတံတားရှိ စစ်ကောင်စီတပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် မဲဇလီစခန်းကုန်းသို့ ပျူစောထီးများဖြင့် အင်အားဖြည့်ပြီး စေထုတ္တရာနှင့် ပွင်ဖြူမြို့နယ်အစပ် ကျေးရွာများသို့ စစ်ကြောင်းထိုး၍ ရပ်ရွာအတွင်းက ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်း၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ရွာအတွင်း အရက်သောက်စားကာ တပ်စွဲခြင်းများ လုပ်ဆောင်သွားသည်ဟု ဆိုသည်။
“အကြမ်းဖက်စစ်တပ် ဝင်ရောက်ပစ်ခတ်လို့ စေတုတ္တရာမြို့နယ် ကျောက်ပုံကျေးရွာက ဒေါ်တင်ပိုင်ဆိုတဲ့ အသက် ၇၀ ကျော်အဖွားတစ်ဦး ကျည်ထိမှန်သေဆုံးသွားတယ်။ အဲဒီစစ်ကြောင်းက အရပ်သားတချို့ကို ဖမ်းဆီးတာတွေ ရှိပါတယ်။ တချို့ကတော့ ပြန်လည်လွတ်မြောက်လာပါတယ်။”ဟု ကိုအညာသားက ဆက်ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းက စေထုတ္တရာမြို့နယ်အတွင်းရှိ ကျောက်ပုံ၊ ညောင်ကုန်းနှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ လယ်မကျေးရွာတို့ကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး
သေဆုံးခဲ့ရသည့် ဒေါ်တင်ပိုင်ကို ဒေသခံများက သဂြိုလ်ပေးပြီး ရွာအတွင်းရှိ စစ်ကောင်စီလက်ကျန် လက်နက်ခဲယမ်းနှင့် မိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်က ရှင်းလင်းနေသည်ဟု ဆိုသည်။
စစ်ကြောင်းထိုးမီးရှို့ပြီးနောက် မဲဇလီစခန်းကုန်းမှ တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မကျည်းရုံရွာမှ အဖွား ဒေါ်အုံးကြည် လည်း ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
နိုဝင်ဘာလ (၂၇)ရက်နေ့က မဲဇလီ-ဆည်တော်ကြိုးတံတားရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သားနှစ်ဦးသေပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။
ထိုနေ့တွင် သေဆုံးသည့် စစ်ကောင်စီတပ်သားအလောင်းအား လာရောက်ကောက်ယူသော အင်အား (၂၀)ဝန်း ကျင်ပါ စစ်ကောင်စီတပ်ကို တံတားဂိတ်တွင် တော်လှန်ရေးအင်အားစုများက မိုင်းခွဲတိုက်ခိုက်သည်ဟု ဆိုသည်၊
“တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိတယ်။”ဟု ကိုအညာသားက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၇)တပ်ရင်း၊ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency