ပခန်းမြို့တိုက်ပွဲတွင် အလံဖြူထောင်သည့် စစ်ကောင်စီတပ်သားများကို အချင်းချင်းပစ်သတ်

ပခန်းမြို့တိုက်ပွဲတွင် အလံဖြူထောင်သည့် စစ်ကောင်စီတပ်သားများကို အချင်းချင်းပစ်သတ်

မကွေးတိုင်း ပခန်းမြို့တိုက်ပွဲတွင် အလံဖြူထောင်လက်နက်ချသော စစ်ကောင်စီတပ်သားများကို အချင်းချင်း ပြန်လည်ပစ်သတ်လိုက်သည်ဟု Southern YSO PDF ထံမှ သိရသည်။

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့က ပခန်းမြို့၌ တစ်ညအိပ်ပြီး ရေစကြို့မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခလရ(၂၅၆)၊ ခလရ(၂၅၇)၊ ခလရ(၂၅၈)တပ်များကို Southern YSO PDF နတ်မိချောင်း စစ်ဆင်ရေး မှ ဦးဆောင်သော Southern Local တပ်ပေါင်းစုများ ပခန်းမြို့မြောက်ဖက်တွင် ကြားဖြတ်တိုက်ခိုက်သည် ဟု ဆိုသည်။

တိုက်ပွဲ(၄၅)မိနစ်ဝန်းကျင်ကြာ ဖြစ်ပွားပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများကာ ထွက်ပြေးခြင်း၊ တပ်သားအချို့ အင်္ကျီချွတ်၍ သေနတ်ထိပ်ချိတ်ကာ အလံထောင်ပြခြင်းများ ပြုလုပ်သည်ဟု ဆိုသည်။

“တိုက်ပွဲက ကျွန်တော်တို့တိုက်နေတာ မီတာ ၄၀၊ ၅၀ လောက်ပေါ့။ ဟိုဘက် ဒီဘက် တိုက်နေကြတဲ့ တိုက်ပွဲဗျ။ အော်ပြောရင်တောင် ကြားနေရတဲ့အခြေအနေ။ ကိုယ်တွေဆီကို ပြေးလာတဲ့ လမ်းခုလတ်မှာ သူတို့ဘက်ကနေ ပစ်သတ်တယ်။ ဒါက မျက်မြင်ပါပဲ။”ဟု Southern YSO PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အလံထောင်၍ PDF တပ်ထံ ပြေးလာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို  စစ်ကောင်စီတပ်ဘက်က နောက်မှ ပစ်ခတ်လိုက်သည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း ဆိုသည်။

တိုက်ပွဲအတွင်း ရေစကြို ခလရ(၂၅၈)တပ်မှ ဟောင်ဝှစ်ဇာ (၅)လုံးပစ်ကူပေးခြင်း၊ မီတာတစ်ထောင်အနီးရှိ တောင်အိုစစ်ကောင်စီဂိတ်မှ လက်နတ်ကြီးပစ်ကူပေးခြင်းနှင့် မြေပြင်စစ်ကူပို့ခြင်းများပြုလုပ်ခဲ့ပြီး တော်လှန်ရေးတပ်များ ခဲယမ်းမလုံလောက်မှုကြောင့် တပ်ပြန်ဆုတ်ပေးခဲ့ရသည်ဟု သိရသည်။

“ပြည်သူတွေအနေနဲ့လည်း တတ်နိုင်ရာဘက်ကနေ ခဲယမ်းဖြည့်တင်းမှုအပိုင်းကို ပါဝင်ကူညီအားဖြည့်ပေးပါ။”ဟု Southern YSO PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ MA-3 တစ်လက်၊ MA-1 (၄)လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ထိခိုက်သေဆုံးသူများအား ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ပခုက္ကူမြို့သို့ တင်ဆောင်သွားသည်ဟု သိရသည်။

လက်ရှိတွင် ခလရ(၂၅၆)၊ ခလရ(၂၅၇)၊ ခလရ(၂၅၈)တပ်များသည် သက်ဆိုင်ရာတပ်စခန်းများသို့ ပြန်ဝင်ရောက်သွားပြီဟုလည်း သိရသည်။

#TachileikNewsAgency

Photo:Southern YSO PDF