UWSA ထိန်းချုပ်ထားသည့် တန့်ယန်းမြို့နယ်ရှိ မန်ကတ်စစ်ကောင်စီတပ်စခန်းကို TNLA ဝင်တိုက်

UWSA ထိန်းချုပ်ထားသည့် တန့်ယန်းမြို့နယ်ရှိ မန်ကတ်စစ်ကောင်စီတပ်စခန်းကို TNLA ဝင်တိုက်
ဇူလိုင် 11, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဆောင်ရွာအနီးရှိ စစ်ကောင်စီတပ်၏ မန်ကတ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ကြောင်း TNLA က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိူင်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

တန့်ယန်းမြို့နယ်သည် တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတွင်ရှိပြီး ယမန်နေ့ကစတင်ကာ UWSA တပ်က အင်အား ထောင်နှင့်ချီ ရောက်ရှိနေခြင်းဖြစ်သည်။

တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီ၏ မန်ကတ်တပ်စခန်း တိုက်ခိုက်မှုကို TNLA ဘက်က သတင်းအပြည့်အစုံ ထုတ်ပြန်ထားခြင်းမရှိပါ။

“ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့အနေဖြင့် စိုးရိမ်နေကြတဲ့ဒေသခံနဲ့ ကျနော်တို့မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်ပါတယ်။ မူလကျနော်တို့ရဲ့ ဘက်မလိုက်မူဝါဒကို ကျင့်သုံးပြီး ပဋိပက္ခဖြစ်ပွားမှုကိုလည်း လက်ခံမှာမဟုတ်ပါဘူး။ တန့်ယန်းဒေသ တည်ငြိမ်အေးချမ်းရေးလိုလားပြီး အဘက်ဘက်အတွက်လည်း အကျိုးရှိမယ်လို့ယုံကြည်ပါတယ် ။”ဟု UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က Tachileik News Agency ကိုပြောသည်။

တန့်ယန်းမြို့သို့ ဝင်ရောက်လာသည့် USWA တပ်များမှာ ထိုင်းနယ်စပ် အမှတ် (၁၇၁)စစ်ဒေသမှ အင်အား (၁၅၀၀)ကျော်နှင့် တပ်မဟာ(၃၁၈)မှ အင်အား (၅၀၀)ကျော်တို့ဖြစ်ကြောင်း သတင်းများထွက်နေသော်လည်း UWSAဘက်က သီးခြားအတည်မပြုသည့်အပြင် လားရှိုးဘက်သို့ ဆက်လက်ချီတက်နေသည်ဆိုသော သတင်းကိုမူ အတည်ပြုပေးခြင်းမရှိပါ။

TNLA ၏ထုတ်ပြန်ချက်တွင် သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ် ဂုတ်တွင်းအနီးတဝိုက်တွင် ယနေ့ ညနေ (၄)နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Jet Fighter ဖြင့် (၁)ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ကလည်း ဂုတ်ထိပ်တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် ကျောက်မဲမြို့နယ် ဟူးကွတ်ရွာသို့ စစ်ကောင်စီ (၅၀၁)တပ်စခန်းမှ အတွဲလိုက်ဒုံးဖြင့် (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News