ရှမ်းပြည်နယ် (မြောက်ပိုင်း ) ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်၊ မြောက်ကုန်းရပ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက် နံနက်ပိုင်းက ပေါက်ကွဲမှုအသေးစား ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားနှင့်ရဲများက အမှတ် (၆) ရပ်ကွက် လမ်းပေါ်တွင် ဆိုင်ကယ်စီးသွားသည့် လူငယ် (၂) ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသွားကြောင်း သိရသည်။
သေနတ်နဲ့ပစ်လို့ တစ်ယောက်က ရေချောင်းထဲပြုတ်ကျသွားတာ။ သူတို့ ၂ ယောက်လုံးကို ဖမ်းခေါ်သွားတယ်
ဟု မျက်မြင်တွေ့ရသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။
အမှတ် (၆) ရပ်ကွက်လမ်းတွင် ဆိုင်ကယ်စီးလာသည့် လူငယ် (၂) ဦးအား စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တိုက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လူငယ်တစ်ဦးမှာ သေနတ်မှန်ကာ ရေချောင်းအတွင်းပြုတ်ကျခဲ့ပြီး ကျန်တစ်ဦးကိုလည်း ရိုက်နှက်ကာ နှစ်ဦးလုံးကို ဖမ်းခေါ်သွားကြောင်း သိရသည်။
လူတွေတော့ မထိဘူး။ ရုံးမှန်တစ်ချို့ကွဲတယ်။ ရုံးထဲရှိနေသူတွေ နားတွေအူသွားတယ်လို့ သိရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ခဏနေတော့ သေနတ်သံ (၄) ချက်လောက် တခြားတနေရာကနေ ကြားရတယ်
ဟု ဒေသခံတဦးက ပြောသည်။
မြို့တွင်း အမှတ် (၇) ရပ်ကွက်မှ ပညာရေးမှူးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲများက မြို့တွင်း၌ တားမြစ်စစ်ဆေးမှုများလုပ်သည့်အပြင် ကျောက်မဲ-လားရှိုးလမ်းပိုင်းရှိ ကျောက်မဲတိုးဂိတ်တွင်လည်း အင်အားအများအပြားဖြင့် စောင့်ကြပ်စစ်ဆေးနေသည်ဟု သိရသည်။