လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတားနှစ်စင်း စစ်ကောင်စီမိုင်းခွဲဖျက်ဆီး

လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတားနှစ်စင်း စစ်ကောင်စီမိုင်းခွဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မန်စံရေကျ၊ မန်ပွဲ-လားရှိုးဆက်သွယ်ထားသည့် တံတား (၂)စင်းအား စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု TNLA ထံမှ သိရသည်။

အဆိုပါတံတားနှစ်စင်းမှာ မန်စံရေကျကြိုးတံတားနှင့် ခိုလိတ်ရထားလမ်းတံတားတို့ဖြစ်ပြီး ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည့်ကျေးရွာများမှ ပြည်သူများ အသုံးပြုသည့် တံတားဖြစ်သည်ဟု သိရသည်။

တံတားပျက်သွားခြင်းကြောင့် ဒေသတွင်း အရပ်သားများ သွားလာရေးနှင့် ရိက္ခာသည်ယူရေးတို့ ရပ်တန့်နေသည်ဟုလည်း ဆိုသည်။

ဇွန်လ (၂၅)မှ စတင်၍ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါ၊ မိုးကုတ် စသည့်မြို့နယ်များ၌ ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ပြီးနောက် အဆိုပါတံတားများအား စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထိုတံတား (၂)စင်းအပြင် စစ်ကောင်စီသည် လွန်ခဲ့သည့်  ဇွန်လ (၂၅)ရက်နေ့တွင်လည်း အများပြည်သူအသုံးပြုသည့် ခိုလိတ်အုပ်စုရှိ မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတားနှင့် မန်စံရေကျတံတားတို့ကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့သည်ဟု သိရသည်။

ဇွန်လ (၁၃)ရက်နေ့တွင်လည်း စစ်ကောင်စီသည် လားရှိုး-မိုင်းယော်လမ်းပေါ်ရှိ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာများ ဖြတ်သွားသည့် လမ်းမကြီး (၃)နေရာအား ကန့်လန့်မြောင်းဖောက် ဖျက်ဆီးခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News