မကွေးတိုင်း မင်းဘူးခရိုင် ငဖဲမြို့နယ် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) မှ စေတုတ္တရာမြို့နယ်ဘက်သို့ ထွက်လာသည့် စစ်ကောင်စီယာဉ် (၂)စီးအား ကြားဖြတ်တိုက်ခိုက်ကြောင်း မင်းဘူးခရိုင် အမှတ် (၈)တပ်ရင်း Warriors Of Liberation Force (W.O.L.F) ထံမှ သိရသည်။
ငဖဲမြို့နယ်ရှိ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ မှ စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း ထွက်ခွာလာသည့် အင်အား (၅၀)ဦးခန့်ပါရှိသည့် စစ်ကောင်စီ ယာဉ် (၂)စီးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ နံနက် (၇)နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ညောင်ကိုင်းကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားချိန် မိနစ် (၂၀)ခန့်ကြာမြင့်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁)ဦး သေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၊ ထိခိုက်ဒဏ်ရာရသူများထဲမှ တချို့လည်း ဆေးကုသစဉ် ထပ်မံသေဆုံးသည်ဟု စုံစမ်းသိရှိရကြောင်း မင်းဘူးခရိုင် အမှတ် (၈)တပ်ရင်းက ဆိုသည်။
“ကားနှစ်စီးမှာ ရှေ့ဆုံးက ကားကို မိုင်းဆွဲလိုက်တာပါ။ မိုင်းဆွဲပြီးတော့ မိုင်းဆွဲတဲ့နေရာနဲ့ မီတာ (၅၀)လောက်ကို လိမ့်ပြီး ရပ်သွားတယ်ဗျ။ ကားကတော့ မောင်းမရအောင် ပျက်စီးသွားပါတယ်။ တိုက်ပွဲဖြစ်ပြီး နာရီဝတ်လောက်ကြာတော့ ကပစ (၁၄)နဲ့ မစခ (၉၀၅)ဘက်ကနေတော့ စစ်ကူကားတွေ ထွက်လာတယ်ဗျ။”ဟု မင်းဘူးခရိုင် အမှတ် (၈)တပ်ရင်းက တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား မင်းဘူးခရိုင် အမှတ် (၈)တပ်ရင်း Warriors Of Liberation Force (W.O.L.F)၊ ချင်းကာကွယ်ရေးတပ် - အရှို (CDF – ASHO)၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအား အသုံးပြု၍ ၎င်းတို့၏ တပ်ရွှေ့ပြောင်းမှုများ ၊ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီယာဉ်တန်းများနှင့် နီးကပ်စွာ လိုက်ပါခြင်း ၊ စစ်ကောင်စီတပ်စွဲထားသည့်နှင့် နေရာများနှင့် နီးကပ်စွာ နေထိုင်ခြင်းများ မပြုလုပ်ကြရန် မင်းဘူးခရိုင် အမှတ် (၈)တပ်ရင်းက အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo:မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်း Wolf