ပဲခူးတိုင်း ဝေါမြို့နယ်တွင် ၂၀၂၄ ခုနှစ် မေလ(၂၉)ရက်နေ့တွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်က ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ဝင်ရောက်ပေါ်တာဆွဲခြင်းကြောင့် လူငယ် (၁၉)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းက ဝေါမြို့နယ်တွင် လယ်ယာလုပ်ကိုင်နေသည့် စိုင်တီစုရွာမှ (၂)ဦး၊ ဘုရားပျိုရွာမှ (၃)ဦးနှင့် ညောင်ကိုင်းရွာမှ (၄)ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ညပိုင်းတွင် အေးချမ်းရပ်ကွက်မှ (၃)ဦး၊ ကြာလဟာရွာမှ (၃)ဦး နှင့် ရှမ်းစုရွာမှ (၃)ဦး တို့ကို စစ်ကား(၂)စီးဖြင့် ထပ်မံဖမ်းဆီးသွားကြောင်း သိရသည်။
"အခု စစ်ကောင်စီတပ်က တွေ့တဲ့သူဖမ်းနေပြီ။ မနေ့ကတော့ တနေကုန်ပဲ ဝင်ဖမ်းတာ။ ကားနှစ်စီးနဲ့ကို ပတ်ဖမ်းတာ။ ဖမ်းမိတဲ့ ကလေးတွေကို လက်ထိတ်တွေနဲ့ သူတို့ရုံးကို ပို့လိုက်ကြတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
ဖမ်းဆီးခံရသူများမှာ အသက်(၁၈)နှစ်မှ (၃၅)နှစ်အရွယ်များဖြစ်ကြပြီး ဒေသခံလူငယ်တချို့ ထွက်ပြေးကြရကာ ထွက်မပြေးနိုင်သည့် လူငယ်တချို့မှာ ဖမ်းဆီးခံရခြင်းဖြစ်စည်ဟု သိရသည်။
"သူတို့က စစ်မှုထမ်းဖို့အတွက် အသက်(၁၈)နှစ်ကနေ (၃၅)နှစ်ကြားပေါ့ ဖမ်းဆီးသွားတယ်။ ရွာတွေက ဒေသခံတွေကလည်း မဲပေါက်တဲ့သူတွေလည်း မသွားကြဘူး။ တချို့ကလည်း ထွက်ပြေးကြတယ်။ အဲဒီတော့ စစ်ကောင်စီတပ်က ကားတွေနဲ့ဝင်ပြီး တွေ့တဲ့ သူဖမ်းနေတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်က လယ်ယာလုပ်နေသူများအား ဖမ်းဆီးသွားကာ မြို့နယ်ထွေအုပ်ရုံးတွင်ချုပ်နှောင်ထားကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ပဲခူးခရိုင်မှ လူငယ်များကို အမြန်လမ်း (၄၁) မိုင်ရှိ အမြောက်တပ်မှ စစ်သင်တန်းကျောင်းထံ ပို့ဆောင်မည်ဟု Tachileik News Agency က စုံစမ်းသိရှိထားသည်။
စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မမဲနှိုက်ခိုင်း၍ စစ်မှုထမ်းခိုင်းနေသည့်အပြင် မြို့အများစုတွင်လည်း ပေါ်တာဆွဲ၍ စစ်မှုထမ်းခိုင်းခြင်းများရှိနေကြောင်း သိရသည်။
#TachileikNewsAgency