BGF ဌာနချုပ် ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး စတင် ဖြတ်တောက်

BGF ဌာနချုပ် ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး စတင် ဖြတ်တောက်

 ကရင်ပြည်နယ် မြဝတီမြို့နယ် BGF ဌာနချုပ် ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ လ(၅)ရက်နေ့ နံနက်(၉)နာရီတွင် မီးဖြတ်လိုက်ပြီဟု BGF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

ထိုင်းအစိုးရက နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက် နေ့တွင်ပြုလုပ်၍ နယ်စပ်ဒေသ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်မီးဖြန့်ချိထားမှုကို ပြန်လည်ဖြတ်တောက်ရေးအပြင် အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဖြစ်ကြောင်း သဘောတူဆုံး ဖြတ်ခဲ့ကြပြီး နောက် ယနေ့ ဖေဖေဖာ်ဝါရီလ(၅)ရက်နေ့တွင် စတင်ဖြတ်တောက်ခြင်းဖြစ်သည်။

“ပြတ်သွားပြီ ၉ နာရီအချိန်လောက်မှာ ပြတ်သွားတာ။ အဓိကတော့ ပြည်သူတွေကို ထိခိုက်တာပေါ့။ အခု ကျွန် တော်တို့ဆီမှာ အဆိုးဝါးဆုံးအခြေအနေကို ပြောရမယ်ဆိုရင်တော့ ပြည်သူတွေအများစုတက်နေတဲ့ ဆေးရုံမီး ဖြတ်ခံရတယ်။ ဆေးရုံအတွက်ကို အဓိကအားထားရတဲ့ အောက်ဆီဂျင်စက်ရုံနေရာတွေ ပြတ်သွားတာပေါ့။ တော်တော်စိတ်မကောင်းစရာပေါ့။”ဟု BGF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က Tachileik News Agency ကို ပြောသည်။

ထိုင်းနိုင်ငံဘက်က BGF ထိန်းချုပ်ထားရာ မယ်ထော်သလေးဒေသကို ပြီးခဲ့သည့်နှစ်ဝက်က မီးစတင်ဖြတ်တောက်ခဲ့ပြီးနောက် ရွှေကုက္ကိုလ်ကိုလည်း ဖြတ်တောက်ခြင်းများရှိခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ မီးဖြတ်တောက်ခြင်းကြောင့် ရွှေကုက္ကိုလ်ဒေသကို လျှပ်စစ်မီးအစားထိုးနိုင်ရန် စဉ်စားနေပြီဟု လည်း ဆိုသည်။

“လျှပ်စစ်မီးအစားထိုးနိုင်ဖို့ တခုခုတော့ စဉ်းစားရမှာပေါ့။ ဒေသခံပြည်သူတွေအတွက်တော့ ဒီအတိုင်း လက်လွှတ်ထားလို့မရဘူးလေ။ ပြည်သူကို ဦးစားပေးရမယ်လေ။ ဘယ်နေရာကနေ ရေအားလျှပ်စစ် ထုတ်လို့ရ နိုင်မလဲ။ ဘယ်နေရာကနေ လျှပ်စစ်မီးရအောင် ဘယ်လိုဖန်တီးရမလဲဆိုတာကို လုပ်ရမှာပေါ့။”ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

မြန်မာ - ထိုင်းနယ်စပ်တလျှောက် မြန်မာနိုင်ငံဘက်ရှိ ကျားဖြန့်လုပ်ငန်းနေရာများအတွက်ပါ လျှပ်စစ်မီးကို အသုံးပြုနေသည့်အတွက် ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်ဓါတ်အားပေးပို့ခြင်းကို ဖြတ်တောက်ရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့ လစဉ်တော့ ယူနစ်အများကြီး တော်တော်ဆောင်ရပါတယ်။ ပြည်သူတွေကို အများကြီးပေးထားတာ။ လျှပ်စစ်မီးပေးတာမှာ ကျွန်တော်တို့ဘက်က စိုက်ပေးရတယ်။ ပြည်သူတွေကျတော့ ဈေးတအားယူလို့မရဘူး။ အဲဒီအပေါ်မှာလည်း လစဉ်လစဉ်စိုက်ပေးရတယ်။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

မြဝတီမြို့တွင် ထိုင်းနိုင်ငံဘက်ကပေးသည့်မီး လက်ရှိတွင် ရရှိနေသေးသော်လည်း ပြီးခဲ့သည့်နှစ် မြဝတီမြို့တွင်း တိုက်ပွဲကာလအတွင်းမှစတင်ကာ လျှပ်စစ်မီးများပြတ်တောက်သွားခြင်းကြောင့် ထိုင်းနိုင်ငံဘက်ကပေးသည့် မီး မှာ ရပ်ကွက်အနည်းငယ်အတွက်သာရှိတော့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တမြို့လုံးတော့ မဟုတ်ဘူးပေါ့။ နည်းနည်းပါးပါးပေါ့။ ရပ်ကွက်တိုင်းတော့ မဟုတ်ဘူး။ ကျွန်းတောဘက်ကို နည်းနည်းဝင်တယ်။ အမှတ်(၂)ဘက်ကို နည်းနည်းဝင်မယ်။ ကျန်တာမရှိဘူး။ ကျန်တာက တိုက်ပွဲကာလတုန်းက မီးပြတ်တောက်သွားလို့ ဆိုလာတို့၊ မီးစက်တို့ကို သုံးနေရတာ။”ဟု မြဝတီမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်ကို ပေးပို့ထားသည့် နေရာနှစ်ခု၊ မွန်ပြည်နယ် ဘုရားသုံးဆူဒေသ၊ ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်းမှ နေရာနှစ်ခုတို့ကို ပေးပို့ထားခြင်းဖြစ် သည်။ 

ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ပေးပို့နေသည့် လျှပ်စစ်ဓါတ်အားကို အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)အပါအဝင် ဆက်စပ်ပြစ်မှုကျူးလွန်သည့်နေရာများအတွက် အသုံးပြုနေသည့် အချက်အလက်များအရ ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။