မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးတွင် တစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားအများအပြား သေကာ လက်နက်ခဲယမ်းများရ

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးတွင် တစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားအများအပြား သေကာ လက်နက်ခဲယမ်းများရ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့အထိ တစ်ပတ်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု တောင်းပိုင်းတိုင်းစစ်ဒေသထံမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်စိုးမိုးရန် အင်အားဖြည့်ရောက်ရှိလာသော အောင်ဇေယျစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂)၊ ဗိုလ်တာပေါဦးဆောင်သော KNLA တပ်ရင်း (၂၈) ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်ပတ်ကြာတိုက်ပွဲတွင် တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ(၁၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၇၃)ဦး သေဆုံးသည်ဟု ထုတ်ပြန်ချက်အရသိရပြီး Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

ထို့အပြင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ရိက္ခာနှင့် စစ်ကူလမ်းကြောင်းဖြတ်တောက်ထားသည့် အနန်းကွင်းဗျူဟာစခန်းသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသော စစ်ကောင်စီ၏ တပ်ကူစစ်ကြောင်းအားလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းများနှင့် ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon၊ Cloud Wings ဒရုန်းပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများသည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြင်းအထန် စစ်ကူပေးရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော်(၃)ဦး ကျဆုံးပြီး (၁၅)ဦး ဒဏ်ရာရသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:တောင်ပိုင်းစစ်ဒေသ