တရုတ်နှင့် စစ်အုပ်စုတို့ Joint Venture Security ကုမ္ပဏီများတည်ထောင်ခြင်းသည် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာမရှိဟု NUG ပြောခွင့်ရ သတိပေး

တရုတ်နှင့် စစ်အုပ်စုတို့ Joint Venture Security ကုမ္ပဏီများတည်ထောင်ခြင်းသည် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာမရှိဟု NUG ပြောခွင့်ရ သတိပေး

Joint Venture Security ကုမ္ပဏီကို မင်းအောင်လှိုင်၏ စစ်အုပ်စုနှင့်အတူလုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က သတိပေးပြောဆိုသည်။

ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်တွင် ယင်းသို့ပြောဆိုခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် NUG၊ တော်လှန်ရေးတပ်များနှင့် ပူးတွဲဆောင်ရွက်ခြင်းသည်သာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် လုပ်ငန်းလည်ပတ်မှုများတွင် ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မည်ဟု ပြောသည်။

“မြန်မာနိုင်ငံတည်ငြိမ်မှုရရှိရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေရဲ့ လုံခြုံမှုရရှိရေးတွေကို အာမခံချက်ပေးနိုင်ဖို့ဆိုရင် မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ နိုင်ငံရေးအဖြေတစ်ခုရရှိပြီး အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။”ဟု ဦးကျော်ဇော်က ပြောသည်။

အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပြီး ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိပြီး ဒေသလုံခြုံရေးနှင့် စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုလာမည့် နိုင်ငံတစ်ခုဖြစ်လာမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့အကြား Joint Venture Security ကုမ္ပဏီများ ထူထောင်ရန် သဘောတူညီမှု ရရှိထားခြင်းသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အကာအကွယ်ပေးနိုင်မည်မဟုတ်ဘဲ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့် စစ်တပ်လော်ဘီများ၏ လှုံ့ဆော်မှုများကသာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တရုတ်နိုင်ငံသားများကို တိုက်ရိုက်ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“လွတ်လပ်တက်ကြွတဲ့ ကြားနေနိုင်ငံခြားရေးမူဝါဒနဲ့အညီ အိမ်နီးခြင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံ‌ရေးတည်ဆောက်ဖို့ ကြိုးစားနေသလို ဒေသတွင်းနဲ့ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ မိတ်ဆွေတွေနဲ့ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံ‌ရေးတည်ဆောက်ဖို့ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေပါတယ်။”ဟု ဦးကျော်ဇော်က ပြောသည်။ 

ထို့အပြင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်၍ ပြည်သူလူထုက မကျေမနပ် စိုးရိမ်မကင်း ဒေါသဖြစ်ကြောင်းနှင့် NUG အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့် ပြည်သူလူထု၏ အကျိုးစီးပွားများကို ထိပ်တန်းထားပြီး အိမ်နီးချင်းနိုင်ငံများနှင့်  ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရန်အတွက် ကြိုးစားဆောင်ရွက်နေသည်ဟုလည်း ပြောသည်။

#TachileikNewsAgency