မြဝတီဘက်ခြမ်းရှိ ကျားဖြန့်သို့ တရုတ်နိုင်ငံသားများ လူကုန်ကူးခံရမှု ဂယက်များကြောင့် ထိုင်းနိုင်ငံ မဲဆောက်နှင့် မြဝတီကြား ကူးသန်းသွားလာသူများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့မှစ၍ စစ်ဆေးမှုတင်းကြပ်စွာ လုပ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီကြား ဆက်သွယ်ထားသည့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား၏ မဲဆောက်ဘက်အခြမ်း၌ စစ်ဆေးရေးဂိတ် (၃)ခု ထပ်တိုးဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဂိတ်များတွင် ထိုင်းတာဝန်ရှိသူများက အဖွဲ့စုံဖြင့် နယ်စပ်ဖြတ်သန်းသူများ၏ ဖုန်းနှင့် အိတ်များကို စစ်ဆေးလာခြင်းဖြစ်သည်ဟု သိရသည်။
“မြဝတီဘက်ကို (၇)ရက်တုံးတွေ ထုတဲ့အချိန်မှာလည်း ရဲတွေက မသင်္ကာလို့ရှိရင် ဖုန်းတွေကောစစ်တယ်။ အကုန်လုံးပေါ့ဗျာ။ သူတို့စစ်တာ ဂိတ်တစ်ခုကို (၈)ယောက်လောက်ရှိတယ်။ အခုက ပိုဆိုးလာတယ်။ အရင်က မြဝတီကနေ မဲဆောက်ဝင်ရင် ဂိတ်တွေမရှိဘူး။ အခုက (၃)ဂိတ်ပေါ့ တစ်ဂိတ်မှာ (၇)ယောက် အဲဒီလိုပုံစံမျိုး လုံခြုံရေးတင်းကြပ်တာပေါ့။”ဟု မဲဆောက်ဘက် ရောက်နေသူ မြန်မာတစ်ဦးက Tachileik News Agency ကို ပြောသည်။
မြဝတီဘက်အထွက်ကိုလည်း ထိုင်းအာဏာပိုင်းများက ဖုန်းများစစ်ဆေးခြင်း၊ အိတ်များကို မွှေနှောက်စစ်ဆေးခြင်းများအပြင် တရုတ်လူမျိုးဟု ယူဆရသူများကို ခေါ်ယူစစ်ဆေးခြင်းများလည်း လုပ်နေသည်ဟု သိရသည်။
“အခုဆိုရင် တံတားကနေ ဈေးဘက်လာလို့ရှိရင် လုံခြုံရေးကဗျာ အရင်ကဆို တံတားကနေ ဝင်လာလို့ရှိရင် လဝက ကစစ်တယ်။ ပြီးရင် ဝင်လို့ရပြီပေါ့နော်။ အခုကျတော့ ဝင်လာလို့ရှိရင် အထပ်ထပ်စစ်တယ်။ အရင်ကဆို တော်ရုံတန်ရုံကားဆို မဖွင့်ကြည့်ဘူး။ အခုက ဝင်သမျှကားတွေဆို စစ်ဆေးခံပြီးမှ ဝင်ရတယ်။ ဝင်တော့ တံတားကနေ မဲဆောက်ကိုလာတဲ့အခါ လုံခြုံရေးက (၃)ဂိတ်တောင် ချထားတယ်။ အဲဒီတော့ သာမန်လူကလည်း စိုးရိမ်ကြတာပေါ့ဗျာ။”ဟု မြဝတီမြို့ခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ထို့အပြင် မဲဆောက်မြို့တွင်း၌လည်း ကျားဖြန့်ကိစ္စများ ပေါ်ပေါက်လာသည့် အချိန်မှစတင်၍ လုံခြုံရေးပိုမိုတင်းကြပ်လာပြီး မသင်္ကာပါက ခေါ်ယူစစ်ဆေးခြင်းများပါ ပြုလုပ်လာနေသည်ဟု ဆိုသည်။
“လက်ရှိအနေအထားကတော့ တံတားမှာထိုင်တဲ့ အာဏာပိုင်တွေက ကိစ္စတစ်ခုဖြစ်ရင် အထက်ကိုတင်ပြစရာ မလိုတော့ဘူး။ မသင်္ကာရင် ဆွဲစိလို့ရတဲ့အနေအထားမျိုးဖြစ်နေတယ်။ မဲဆောက်မှာ ညတိုင်းလည်း လုံခြုံရေးလာချတယ်။ ညဘက်မထွက်တာအကောင်းဆုံးပဲ။ မြို့ထဲလည်း အရင်ကထက် အစစ်ဆေးများတယ်။ စစ်တပ်လုံခြုံရေးက အရင်ကထက်များလာတယ်။”ဟု မဲဆောက်ရောက် မြန်မာတစ်ဦးက ပြောသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များက ကျားဖြန့်လုပ်ငန်းများကြီးစိုးရာ BGF ထိန်းချုပ်နယ်မြေနှင့်နီးသည့် မယ်ထော်သလေး၊ မင်းလက်ပံ၊ ရွှေကုက္ကိုဘက် လမ်းကြောတလျှောက်တွင် စစ်ဆေးရေးဂိတ်ဂိတ်များ တိုးမြှင့်ချထားသည်ဟုလည်း သိရသည်။
“အရင်က ဂိတ်မရှိဘူး။ စစ်တပ်ပုံစံတော့ရှိတာပေါ့နော်။ အခုက စစ်ကားတွေ အဲဒီဘက်ကို အများကြီးဖြတ်သွားတယ်။ အဓိကတော့ နယ်စပ်အနေအထားကို အဓိက ဦးစားပေးလုပ်တာပေါ့။ သူတို့လူကြီးတွေလည်းရောက်ပြီး လုံခြုံရေး အသေချာကို ချနေတာ။”ဟု ၎င်းက ဆိုသည်။
မြန်မာဘက်ခြမ်းရှိ ကျားဖြန့်လုပ်ငန်းများသို့ တရုတ်နိုင်ငံသားများအား နယ်စပ်မှ လူကုန်ကူးခံရမှု သတင်းများကြောင့် ထိုင်းဘက်က မြန်မာနယ်စပ်တလျှောက် မဲဆောက်၊ မယ်လမ၊ အုန်းဖန်၊ ထာ့ဆောင်ရမ်း၊ ဖွတ်ဖရ စသည့် မြို့နယ်(၅)ခုရှိ နယ်စပ်ခိုးဝင်လမ်းများကို လုံခြုံရေးဂိတ် (၁၂)ခုခန့်အထိ တိုးမြှင့်ချထားလိုက်ပြီး သတိပေးဆိုင်းဘုတ်များထောင်ခြင်း၊ စီစီတီဗွီများတပ်ဆင်ခြင်းအပြင် သံဆူးကြိုးများဖြင့်လည်း ကာရံနေသည်ဟုလည်း သိရသည်။
တရုတ်သရုပ်ဆောင်တစ်ဦး မြဝတီဘက် ကျားဖြန့်မှ ပြန်လည်ကယ်ထုတ်အပြီး အလားတူ ထိုင်းမှတဆင့် ပျောက်သွားသည့် တရုတ်နိုင်ငံသားများအား ရှာဖွေပေးရန် ထိုင်းရဲတက်ဖွဲ့ထံ အမှုဖွင့်သူများ တိုးလာနေကြောင်း သိရသည်။
လက်ရှိတွင်လည်း တရုတ်မော်ဒယ်တစ်ဦး ကျားဖြန့်တွင် လူကုန်ကူးခံရသည်ဟု ယူဆရှာဖွေနေကြသည်။
ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်သည် ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၏ ငွေလိမ်မှု၊ လူကုန်ကူးမှု၊ လူကုန်ကူးခံရသူများအား မတရားညှင်းပန်းနှိပ်စက်မှုများဖြင့် မကြာခဏ သတင်းများထွက်ပေါ်နေသည့်နေရာဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:PRACHACHAT