ငလျင်ဒဏ်ကြောင့် ဧပြီလ (၂)ရက်နေ့ ညပိုင်းအထိ သေဆုံးသူ (၃,၀၀၀)ကျော်ရှိကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်

ငလျင်ဒဏ်ကြောင့် ဧပြီလ (၂)ရက်နေ့ ညပိုင်းအထိ သေဆုံးသူ (၃,၀၀၀)ကျော်ရှိကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်

၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၂)ရက်နေ့ ည(၆)နာရီအထိ သေဆုံးသူ အရေအတွက်မှာ (၃,၀၀၃)ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၄,၅၁၅)ဦး အပြင် ပျောက်ဆုံးနေသူ (၃၅၁)ဦး ရှိကြောင်း သိရသည်။

ဧပြီလ(၁)ရက်နေ့အထိ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူမှာ (၂,၈၈၆)ဦး ရှိခဲ့ရာ ဧပြီလ(၂)ရက်နေ့ ည(၆)နာရီအထိ သေဆုံးမှု စုစုပေါင်းမှာ (၃,၀၀၃)ဦးအထိ ရှိသည့်အတွက် တစ်ရက်အတွင်း သေဆုံးသူ အရေအတွက်မှာ (၁၁၇)ဦး တိုးလာသည်ကို တွေ့ရသည်။

လူသေဆုံးမှုများအပြင် ငလျင်ဒဏ်ကြောင့် အစိုးရရုံး အဆောက်အဦးပေါင်း (၈၀၅)လုံး နှင့် ဝန်ထမ်းအိမ်ရာ(၁၁၅)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လူနေအိမ်များအနေဖြင့် နေအိမ် စုစုပေါင်း (၂၁,၇၈၃)လုံး နှင့် စာသင်ကျောင်း (၁၀၄၁)ကျောင်း၊ ဘုန်းကြီးကျောင်း နှင့် သီလရှင်ကျောင်း (၉၂၁)ကျောင်း အပြင် ဘုရားစေတီပေါင်း (၁၆၉၀)ဆူ ထိခိုက်ပျက်စီးခဲ့သလို ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီ အပါအဝင် အခြား ဘာသာရေး အဆောက်အအုံပေါင်း (၃၁၂)လုံး၊ ဆေးရုံနှင့်ဆေးခန်း (၄၈)လုံး ထိခိုက် ပျက်စီးခဲ့ရကြောင်း စစ်ကောင်စီက ဧပြီလ(၃)ရက်နေ့ထုတ် သတင်းစာများကနေ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် စာရင်းများမှာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားရာ ဒေသအားလုံး၏ အရေအတွက် မဟုတ်ဘဲ စစ်ကောင်စီအဖွဲ့ မစိုးမိုးနိုင်သည့် ဒေသများတွင် နေအိမ် ပြိုကျပျက်စီးမှုများနှင့် လူသေဆုံးမှုများစွာရှိ၍ စစ်ကောင်စီဘက်က ထုတ်ပြန်သည့် အရေအတွက်မှာ မြေပြင်နှင့် ကွဲလွဲမှုများစွာ ရှိကြောင်းသိရသည်။

ဧပြီလ(၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ( National Unity Consultative Council - NUCC)၏ ထုတ်ပြန်ချက်တွင် ငလျင်ဒဏ်ကြောင့် လူပေါင်း(၄,၂၀၀)ကျော်သေဆုံးပြီး ဒဏ်ရာရနေသူ၊ ပျောက်ဆုံးနေသူများလည်း အဆမတန်များပြားကာ  အိမ်ထောင်စုပေါင်း သောင်းချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency