မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း ရေလည်ကျွန်းဒေသတစ်ခုဖြစ်သည့် ငတရော်ရွာကို စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုး ဝင်လာပြီး ရွာကိုမီးရှို့နေသည်ဟု Yesagyo Township Info Committee က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့က ဘိစပ်ကုန်းရွာကို ဝင်ရောက်ကာ ရွာကိုမီးရှို့ခဲ့ကြပြီးနောက် ယနေ့နံနက် (၆)နာရီခွဲဝန်းကျင်တွင် ငတရော်ရွာကို ဝင်ရောက်လာကြခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁)ခြေမြန်တပ်မဌာနချုပ်နှင့် ရေစကြိုမြို့ရှိ ခမရ (၂၅၆)၊ (၂၅၇)၊ (၂၅၈)တပ်ရင်းတို့သည် အင်အား(၂၀၀)ကျော်ဖြင့် ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို မတ်လ(၂)ရက်နေ့မှစတင်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းကြောင့် ရေလည်ကျွန်းဒေသအတွင်း ကျေးရွာအများအပြားမှာ တိမ်းရှောင်နေကြရပြီး စစ်ကြောင်းဝင်လာစဉ် အချိန်မီ မတိမ်းရှောင်နိုင်သူ ဒေသခံ (၁၇)ဦးထက်မနည်း သေဆုံးခဲ့ကြရပြီးဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့သည့် မြေစွန်းတော်ရွာမှ (၉)ဦး၊ သာဂေါ (ရွာမ)မှ (၃)ဦး၊ မာလကာခြံရွာမှ (၂)ဦး၊ သာဂေါင်လေးရွာမှ တစ်ဦးတို့မှာ အသတ်ခံခဲ့ကြရပြီး မြေစွန်းတော်ရွာမှ နေအိမ်(၂၆၆)လုံး၊ ဇရပ်နီရွာမှ နေအိမ်(၆၈)လုံး၊ သာဂေါင်လေးရွာမှ နေအိမ်(၂၀)လုံးတို့ မီးရှို့ခံခဲ့ကြရသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာကတည်းက စစ်တပ်နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူများရှိနေရာမှ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတဝန်း တော်လှန်ရေးကြောင့် နေရပ်စွန့်ခွာရသူ အရေအတွက်မှာ တရှိန်ထိုးမြင့်တက်လာပြီး နေအိမ်မဲ့သွားသူ သန်းနှင့်ချီ၍ရှိလာခြင်းဖြစ်သည်။
UNOCHA ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထုတ်ပြန်ချက်အရ ပြည်တွင်းနေရပ်စွန့်ခွာရသူအရေအတွက်မှာ ၃ ဒသမ ၅ သန်းနီးပါးအထိရှိလာပြီး သန်းနှင့်ချီသောလူများမှာ ခိုနားစရာနေရာနှင့် အခြေခံအိမ်သုံးပစ္စည်းများလိုအပ်နေကြကြောင်း ထောက်ပြထားသည်။
#TachileikNewsAgency
Photo: Yesagyo Township Info Committee