တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျွဲထိန်းကုန်းရွာနှင့်အနီးတဝိုက်ကို စစ်ကောင်စီမှ ယနေ့ ဇွန်လ (၂၇)ရက်နေ့ နေ့လယ် (၁)နာရီ (၁၀)မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ပစ်မှတ်ထား၍ ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖမှ ဆိုသည်။

စစ်ကောင်စီမှ K8w-Jet fighter အမျိုးအစားကိုအသုံးပြု၍ ဗုံးသီး (၁၀)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ပြည်သူများနေထိုင်သည့် ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၃)ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တကူကျေးရွာရှိ စာသင်ကျောင်းအနီးနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေအိမ်များကို စစ်ကောင်စီမှ Mi-2 ရဟတ်ယာဉ်ဖြင့် ဗုံးသီး (၁၈)လုံးကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့