ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဆိပ်ဖြူမြို့နယ် ထမ္မကောက်ကျေးရွာအထိုင်တပ်မှ ရှေ့ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၂၀၂၄ခုနှစ် ဇွန်လ (၁၆) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ (၁၆)ရက်နေ့ ညနေပိုင်းတွင် ဆိပ်ဖြူမြို့ပေါ်မှ ကပစ (၂၂) သို့ ထွက်လာသည့် စစ်ကောင်စီကား (၃)စီးအား ဆယ်မိုင်လမ်းဆုံ စစ်ကောင်စီဂိတ်အနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၃) NSP အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တော်လှန်ရေးကာလအတွင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၆) ကျဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency