ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ နဂါးနီလမ်းတွင် နေထိုင်သည့် ပျူစောထီးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်း စစ်ကောင်စီသတင်းပေး ထွန်းမင်းစိုး ပစ်ခတ်ခံရကြောင်း သိရသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၁) ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီသတင်းပေး ထွန်းမင်းစိုးကို ကြို့ပင်ကောက်မြို့နယ် ဒေါင်းလူးကျေးရွာအနီးတွင် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းမင်းစိုးသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီး၍ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်ရာတွင် အဓိက ပါဝင်နေသူဖြစ်ပြီး ၊ သူတောင်းစား ပုံသဏ္ဌာန် နှင့် အမှိုက်ကောက်သမား ပုံသဏ္ဌာန် အသွင်ယူကာ တော်လှန်ရေးအင်အားစုများ၏ သတင်းကို လိုက်လံထောက်လှန်းနေသည့်အတွက် ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်မှုထမ်းစုဆောင်းရာတွင် ပါဝင်ပက်သက်နေသည့် အုပ်ချုပ်ရေးမှူးများ ၊ စစ်ကောင်စီသတင်းပေးများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် သတင်းပေး စုစုပေါင်း (၆) ဦး ပစ်ခတ်ခံခဲ့ရကြောင်း သိရှိရသည်။
#TachileikNewsAgency