စဉ့်ကူးမြို့နယ် တရောပင်ကျေးရွာကို စစ်ကောင်စီမီးရှို့ရာ နေအိမ်အများအပြား မီးလောင်ပြာကျ

စဉ့်ကူးမြို့နယ် တရောပင်ကျေးရွာကို စစ်ကောင်စီမီးရှို့ရာ နေအိမ်အများအပြား မီးလောင်ပြာကျ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် တရောပင်ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဝင်ရောက်မီးရှို့ရာ နေအိမ် (၃၀)ကျော် မီးလောင်ပျက်စီးသွားကြောင်း Wetlet Informational Network ထံမှ သိရသည်။

ရွှေပြည်ရွာတ္ငင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် ၂၀၂၄ခုနှစ် ဇွန်လ (၁၅)ရက်နေ့က တရောပင်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ် (၃၅)လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တရော်ပင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ရွာအဝင်တွင် မိုင်းဆွဲတိုက်ခိုက်၍ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ခြင်းဖြစ်သည်ဟု သိရသည်။

“ရွာအဝင်မှာ မိုင်းဆွဲလို့ တရော်ပင်ရွာကို မီးရှို့တာ။ တရော်ပင်ရွာကို အရင်ကတည်းကငြိုးထားတာ။ တရော်ပင်ရွာ ဘေးနားတွေမှာက ပျူစောထီးရွာတွေပေါ့။ ဒါကြောင့် စစ်ကြောင်းကလည်း အမြဲထိုးနေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသဖြင့် ယခင်တိုက်နယ်ဆေးရုံ၌ တပ်စွဲကာ စစ်ဆေးရုံဖွင့်ထားသည့် ရွှေပြည်ဆေးရုံမှနေ၍ လက်နက်ကြီးများနှင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။

“စဉ့်ကူးဆိုတာ ပျူစောထီးအထွက်ဆုံးနေရာလို့တောင် ပြောလို့ရတယ်။ အခုလည်း မတ္တရာဘက်နဲ့ စဉ့်ကူးဘက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားပို့ထားတယ်။ မန္တလေး PDF ကိုထိန်းဖို့နဲ့ မန္တလေးဘက်ကို TNLA မဝင်ဖို့ဆိုပြီးပေါ့။”ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ပြောသည်။

တရော်ပင်ရွာသည် မိုးကုတ်-မန်းလေးကားလမ်းပေါ် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကြီးစိုးရာနေရာတွင်ရှိခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Wetlet Informational Network