တနင်္သာရီမြို့နယ်အတွင်း စစ်ပွဲကာလကြာရှည်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ကြရန် ပြည်သူလူထုကို BLACK Cobra Column အသိပေး

တနင်္သာရီမြို့နယ်အတွင်း စစ်ပွဲကာလကြာရှည်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ကြရန် ပြည်သူလူထုကို BLACK Cobra Column အသိပေး

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် KNLA တပ်ရင်း(၁၁) နယ်မြေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်၍ စစ်ပွဲကာလကြာရှည်နိုင်သည်ဟု BLACK Cobra Column က ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ပြည်သူလူထုကို အသိပေးသည်။ 

KNLA တပ်ရင်း (၁၁)နယ်မြေအတွင်းရှိ မောတောင်နယ်စပ်တပ်စခန်းအား တပ်အချိန်းအပြောင်း ပြုလုပ်ရန်၊ မောတောင်မြို့ရှိ ပျူစောထီးများအား လက်နက်တပ်ဆင်ပေးရန်နှင့် တနင်္သာရီ-မောတောင်ကားလမ်းအား ပြန်လည်စိုးမိုးရန် စစ်ကောင်စီတပ်က စစ်ဆင်ရေးများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။ 

ထို့ကြောင့် ဇန်နဝါရီလ(၁၈)ရက်နေ့ကစတင်၍ KNLA ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲများပြင်းထန်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်မှ အင်အားတိုးချဲ့ ထိုးစစ်ဆင်ခြင်းများ ထပ်မံပြုလုပ်လာ၍ သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် KNLA တပ်ရင်း(၁၁)အနေဖြင့် နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် စစ်ကောင်စီအခြေပြုတပ်ဖြန့်ထားသော နေရာများအားလုံးကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ ပိုမိုပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုများကို အချိန်မရွေးလုပ်ဆောင်မည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်အား ကျောထောက်နောက်ခံပြုလုပ်ပေးနေသည့် အဖွဲ့အစည်းများ၊ ၎င်းအဖွဲ့အစည်း တပ်ဖွဲ့ဝင်များ၊ ၎င်းလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းပေးများ၊ ပစ္စည်းအားလူအားဖြင့် အကူအညီပေးနေသူများနှင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သူများ အားလုံးကို ရန်သူအဖြစ်သတ်မှတ်ပြီး စစ်ရေးပစ်မှတ်အဖြစ် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုများအနေဖြင့် တနင်္သာရီ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းအား အထူးအရေးပေါ်ကိစ္စမှအပ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။ 

စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသည့် နေရာတိုင်းတွင် အရပ်သားပြည်သူ နေအိမ်များမှ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများ၊ ဆိုလာ၊ ဘက္ထရီများ၊ ဆန်နှင့် ရိက္ခာများပါမကျန် ခိုးဝှက်ယူဆောင်နေသဖြင့် စစ်ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန်လိုအပ်ပါက တပါတည်းယူဆောင်သွားသွားကြရန်လည်း အသိပေးထားသည်။ 

ထို့အပြင် စစ်ပွဲကာလကြာရှည်နိုင်သဖြင့် လိုအပ်သော ဆေးဝါး၊ ရိက္ခာများအား အတတ်နိုင်ဆုံး စုဆောင်းထားကြရန်နှင့် လုံခြုံရေးအတွက် သတိပြုနေထိုင်ကြရန်အပြင် တိုက်ပွဲသတင်းနှင့် စစ်ရေးအခြေအနေများအား နားစွင့်၍ မည်သည့်အခြေအနေတွင်ဖြစ်စေ စစ်ကောင်စီတပ်နှင့်ပူးပေါင်းခြင်း၊ ရောနှောနေထိုင်ခြင်းများ မပြုလုပ်ကြရန်လည်း သတိပေးထားသည်။

BLACK COBRA COLUMN စစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄)လက်အောက်ခံ အမှတ်(၁၁)တပ်ရင်းမှ ဖွဲ့စည်းထူထောင်ထားသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:BLACK Cobra Column