သံတွဲမြို့အနီးသို့ တိမ်းရှောင်လာသည့် စစ်ရှောင်များအား နေရပ်သို့ ခိုးပြန်ပါက ပစ်သတ်မည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များခြိမ်းခြောက်

သံတွဲမြို့အနီးသို့ တိမ်းရှောင်လာသည့် စစ်ရှောင်များအား နေရပ်သို့ ခိုးပြန်ပါက ပစ်သတ်မည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များခြိမ်းခြောက်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့် ဒေသခံများကို နေရပ်သို့ ခိုးထွက်၍ ပြန်ပါက ပစ်သတ်မည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်း‌ခြောက်ကာ လမ်းများပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

"စစ်ရှောင်တွေက ကျောက်ကြီးပြင်ကနေ ပြန်ကြတာ။ စစ်ရှောင်တချို့ လှေစောင့်နေချိန် အဲဒါ ရဲတွေဘက်က သတင်းရပြီး ခြိမ်းခြောက်ဖမ်းဆီးပြီးတော့ ကင်းမော်ဗိုလ်တဲကို ခေါ်သွားတယ်။ ပြီးတော့ စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်။ ခိုးထွက်ရင် ပစ်သတ်မယ်လို့ပြောတယ်။ ဘယ်မှသွားမရဘူး။ အကုန်ပိတ်ထားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံများသည် သံတွဲမြို့အနီး ကျေးရွာများထံ စစ်ဘေးရှောင်နေရာက ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် နေရပ်ပြန်ရန် ကြိုးစားရာမှ အချို့ကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကင်းမော်နှင့် မြို့တောင်အနီးရှိ လေပြေတောင် တို့တွင် ပိတ်ထားသည့်အပြင် သံတွဲ-တောင်ကုတ်လမ်း စစ်ဆေးရေးဂိတ်တွင်လည်း ထွေအုပ်ထောက်ခံစာပါမှသာ ဖြတ်သန်းခွင့်ပြုမည်ဟု ပြောဆို၍ စစ်ရှောင်များအား ပြန်လွှတ်နေသည်ဟု သိရသည်။

"သံတွဲကနေ နေရပ်ပြန်တွေ တချို့ကိုထောက်ခံစာပါမှ ပြန်သွားရမယ်လို့ ပြောတယ်ဗျ။ တချို့ကလည်း လင်းသီဘက်ကို ပြန်ရောက်နေပြီ။ ရဲဘက်က ပြောတာကတော့ လင်းသီဘက်ရောက်နေသူတွေကို ပြန်ခေါ်မယ်လို့တော့ ပြောတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ဆက်ပြောသည်။

လင်းသီရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေပြီးနောက် လင်းသီရွာအတွင်း နှစ်ဖက်တပ်များမရှိတော့ဟု ဒေသခံများက ဆိုသည်။

"ရွာထဲက ကြွင်းကျန် လက်နက်ကြီး၊ ဗုံးသီးတွေကို AAက သဲအိတ်တွေနဲ့ ကာပေးခဲ့တယ်။ ရှင်းပေးမယ့်အဖွဲ့လည်း လာနေပြီလို့ပြောတယ်။ "ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး (၅)လုံးသည် ရေကောက်ရွာသစ်အနီးရှိ ဆည်ကိုလည်း လက်နက်ကြီးတချို့ ကျကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် အင်အားမရှိတော့သည့် ခလရ(၅၅)နှင့် ခမရ(၅၆၆)တပ်တို့ကို အင်အား(၁၀၀)ကျော်ဖြည့်တင်း၍ တပ်မိသားစုဝင်များကို လေယာဉ်နှစ်စီးဖြင့် ခေါ်ထုတ်သွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျကာ မီးလောင်သွားသည့် ကျောင်းကုန်းရွာ