မန္တလေးတိုင်း မြင်းခြံမြိုတောင်ဘက် (၅)မိုင်ခန့်အကွာရှိ Myingyan Black Tiger (MBT) တပ်ဖွဲ့၏ စစ်ကြောင်း (၃)စစ်ရေးလှုပ်နယ်မြေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသဖြင့် (၇)ရက်ကြာတိုက်ပွဲများဖြစ်ပွားပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ကစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များဘက်က (၃)ရက်ကြာ ခုခံရာ ခဲယမ်းပျက်တောက်မှုကြောင့် ပထမ ခံစစ်စည်းဖြစ်သည့် ကွမ်းစိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။
နိုဝင်ဘာလ (၁၅)ရက်နေ့ ည(၈)ခွဲအချိန်မှစ၍ စစ်ကောင်စီတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ (၁၈)ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က Mi-35 ရဟတ်ယာဉ်ဖြင့် (၃)ကြိမ်၊ Jet Fighter ဖြင့် (၂)ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် မြင်းခြံမြို့ရှိ ခမရ (၁၅)မှလည်း ဟောင်ဝှစ်ဇာ (၅)လုံးဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။
တော်လှန်ရေးတပ်များသည် စစ်ကောင်စီတပ်၏ ခဲယမ်းပြတ်တောက်သွားမှုကြောင့် ဒုတိယခံစစ်စည်းဖြစ်သည့် ခြေဆေးကျေးရွာမှ ထပ်မံဆုတ်ခွာပေးခဲ့ရပြီး (၇)ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြားထိခိုက်သေဆုံးကာ MBT တပ်ဖွဲ့ မှ ရဲဘော်တစ်ဦးဒဏ်ရာရသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ထပ်မံစစ်ကြောင်းထိုးနေပြီး MBT တပ်ဖွဲနှင့် ညီနောင်မဟာမိတ်တပ်များကလည်း ပြန်လည်ခုခံနေခြင်းကြောင့် စစ်ရေးအခြေအအနေ တင်းမာနေဆဲဖြစ်သည်ဟု သိရသည်။
“ပြည်သူတွေအနေနဲ့ မြို့တွင်း စစ်ကောင်စီရဲ့စခန်းတွေအနားမှာ မနေဖို့၊ တိုက်ပွဲဖြစ်နေတဲ့ အချိန်အတွင်းမှာ စစ်ဖြစ်နေတဲ့နေရာနဲ့ ဝေးတဲ့နေရာကို ရှောင်ရှားကြဖို့ ကျွန်တော်တို့က မေတ္တာရပ်ခံချင်ပါတယ်။ လက်ရှိအခြေအနေအရ စစ်ရေးကတော့ တင်းမာနေဆဲပဲပေါ့နော်။ ပြောက်ကျားစစ်ပုံစံမျိုးတော့ ဖြစ်နေတာပေါ့နော်။”ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက Tachileik News Agency ကိုပြောသည်။
(၇)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် ကွင်းစရွာနှင့် ခြေဆေးရွာတို့ကို မီးရှို့ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်းတို့ကြောင့် နေအိမ်အများအပြား ပျက်စီးသွားသည်ဟု သိရသည်။
ယမန်နေ့ နိုဝင်ဘာလ(၂၀)ရက်နေ့ ညပိုင်းတွင်လည်း မြင်းခြံမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် Myingyan Hotel အနီးနေရာများကို Myingyan Black Tiger (MBT)က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။
“အဓိကတော့ ပြည်သူနေအိမ်တွေ မီးရှို့တယ်၊ သတ်ဖြတ်တယ်၊ ခိုးယူတယ်လုပ်လို့ ကျွန်တော်တို့ ချက်ခြင်းမြို့ပေါ်တက်ပြီး လုပ်ခဲ့တာပါဗျ။ ပြောက်ကျားနည်းနဲ့။”ဟု ကိုမိုက်ခဲက ဆက်ပြောသည်။
(၇)ရက်ကြာ တိုက်ခိုက်မှုကို Myingyan Black Tiger(MBT) မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း၊ Popa Guerilla Force (PGF)၊ မြင်းခြံခရိုင် တပ်ရင်း (၁ ၊၂ ၊ ၃၊ ၄၊ ၇၊ ၈)၊ မြင်းခြံ ခရိုင် ပကဖ၊ နွားထိုးကြီးမြိုနယ် ပကဖ၊ အမှတ် (၈၁၅)ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ စွန်ရဲပြောက်ကျားတပ်၊ SPY ပြောက်ကျားတပ်၊ နှလုံးလှ လူမိုက်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency