အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား (၁၄၉)ဦး သေဆုံးပြီး (၆)ဦး တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်သည်။
တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း တစ်လအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၄၂) ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ကြောင်းများကို ဒရုန်းဖြင့် (၃၈)ကြိမ်နှင့်အထက် တိုက်ခိုက်ခဲ့ကာ ၊ မိုင်း အပါအဝင် လက်နက်ကြီးတို့ဖြင့် အနည်းဆုံး (၁၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် နိုဝင်ဘာအတွင်း၌ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကူးဆိပ်စခန်းနှင့် မထောစခန်းတို့ကို KNLA၊ PDFနှင့် BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၊ ၎င်းတိုက်ပွဲနှင့် အခြားတိုက်ပွဲများမှ လက်နက်ကြီး ၊ လက်နက်ငယ်နှင့် ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိသည်ဟု ဆိုသည်။
တစ်လတာအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား (၁၄၉)ဦး သေဆုံးပြီး (၈၉)ဦး ဒဏ်ရာရရှိကာ (၆)ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိသည့် အချက်အလက်များကို ချန်လှပ်ထားသည့်အတွက် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးဦးရေမှာ ပိုမိုများပြားနိုင်ကြောင်း တောင်ပိုင်းစစ်ဒေသက ဆိုသည်။
အဆိုပါ တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် (၉)ဦး ကျဆုံးကာ ၊ (၃၆)ဦး ဒဏ်ရာရရှိပြီး ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာလအတွင်း၌ တောင်ပိုင်းစစ်ဒေသဖြစ်သည့် ပဲခူးတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁၇)ဦး သေဆုံးခဲ့ရပြီး (၅၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo:၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တောင်ပိုင်းစစ်ဒေသ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ တောင်သုံးလုံး တပ်စခန်းကို သိမ်းပိုက်ရရှိစဥ် (ပုံဟောင်း)