မိုးမိတ်မြို့ကို ပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီး ဗျူဟာကုန်းသာကျန် 

မိုးမိတ်မြို့ကို ပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီး ဗျူဟာကုန်းသာကျန် 
ဇူလိုင် 25, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး တခုတည်းကျန်တော့သည့် ဗျူဟာကုန်းကို TNLA ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ပူးပေါင်းတပ်များထံမှ သိရသည်။

“မိုးမိတ်မြို့ကို ထိန်းသိမ်းပြီး ဗျုဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်နေဆဲပါ။ အဲဒီတခုဘဲ ကျန်တယ်။ အဲဒီတစ်ခုကိုရရင် အားလုံးရပြီ။”ဟု ရှေ့တန်းရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

မိုးမိတ်မြို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ TNLA နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

TNLA ကလည်း မိုးမိတ်ရှိ စစ်ကောင်စီလက်ကျန် တပ်စခန်းတစ်ခုဖြစ်သည့် ဗျူဟာကုန်းကို ယမန်နေ့ ဇူလိုင်လ (၂၄)ရက်နေ့ နေ့လယ်ပိုင်းကစတင် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ထားသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်ကျန်ရှိနေသော ဗျူဟာကုန်းအတွင်းသို့ စစ်ကောင်စီတပ်က ယနေ့တွင် Y-12 ဖြင့် လက်နက်ခဲယမ်းများ (၁)ကြိမ် လာရောက်ကြချပေးခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။ 

မိုးမိတ်မြို့သည် မိုးမိတ်ခရိုင်မြို့ဖြစ်ပြီး ရှမ်းပြည်နယ်တွင် အရေးပါသည့်နယ်မြေဖြစ်ကာ တရုတ်နိုင်ငံသမိုင်းတွင်လည်း ဖော်ပြခြင်းခံခဲ့ရသည့် နယ်မြေတစ်ခုဖြစ်သည်။ 

မြို့မြောက်ဘက်တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်တွင် သိန္နီနယ်နှင့် တောင်ပိုင်နယ်၊ တောင်ဘက်တွင် သီပေါနယ်၊ အနောက်ဘက်တွင် ရွှေဘိုခရိုင်တို့ဖြင့်ထိစပ်နေပြီး ကျေးရွာပေါင်း(၅ဝ၇)ရွာနှင့် လူဦးရေမှာ (၆)သောင်းကျော်နေထိုင်သည်။ 

TNLA နှင့် ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နောင်ချို၊ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ထားပြီး ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့တို့ကို ဆက်လက်တိုက်ခိုက်နေကာ MNDAA ကလည်း လားရှိုးမြို့ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency