ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆယ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို AA သိမ်း၊ စခန်း ၄၀ ကျော်ကို စစ်ကောင်စီတပ်များစွန့်ခွာထွက်ပြေး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆယ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို AA သိမ်း၊ စခန်း ၄၀ ကျော်ကို စစ်ကောင်စီတပ်များစွန့်ခွာထွက်ပြေး
နိုဝင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး (၁၀)ရက်မြောက်နေ့အထိ စစ်ကောင်စီတပ်စခန်း(၄)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်း(၄၀)ကျော်ကို စစ်ကောင်စီတပ်များ စွန့်ခွာထွက်ပြေးသွားသဖြင့် သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA)ထံမှ သိရသည်။

ရခိုင်ပြည်နယ်၌ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် စတင်ခဲ့ပြီးနောက် ယင်းနေ့တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်း၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၆)ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့သည့် မောင်တောအခြေစိုက် ဒုံးညို နယ်ခြားစောင့်တပ်စခန်း အား နိုဝင်ဘာလ (၁၇)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာလ (၁၈)ရက်နေ့တွင်လည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းအား အညံ့မခံသောကြောင့် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာအထိုင်ချထားသော တရွန်အိုင်ဗျူဟာနှင့် နှူးဘူး ဗျူဟာ နှစ်ခုအား နိုဝင်ဘာလ (၁၄)ရက်နေ့မှ ယနေ့အထိ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေရာ (၉)ရက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဗျူဟာနှစ်ခုအား စစ်ကောင်စီတပ်က လက်နက်၊ ခဲယမ်းရိက္ခာများအား လေကြောင်းမှချပေးနေရာ ယမန်နေ့တွင် လေကြောင်းမှ ထောက်ပို့ခဲ့သည့် ပစ္စည်းတချို့အား သိမ်းဆည်းရရှိခဲ့သည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ပေါက်တောမြို၌ စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဓါးစာခံလုပ် ဖမ်းဆီးထားသော ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် (၁၀၀)နီးပါးကို ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း ပေါက်တောမြို့အတွင်း၌ ဓါးစာခံကယ်တင်ရေး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများအား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပေါက်တောမြို့အတွင်းသို့ MiG 35၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် တလှည့်စီ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး လောကထိပ်ပန်ဘုရားကုန်းကိုလည်း တိုက်လေယာဉ်ဖြင့် မိနစ် (၂၀)ခန့် လှည့်ပတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံအနီး၌လည်း ထီးချိုင့်မြို့ အခြေစိုက် ခမရ (၃၆၇)တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာလ (၂၁)ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေသည်ဟုလည်း သိရသည်။

#TachileikNewsAgency