စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူ တစ်ရာကျော်အား PLA က အခမဲ့ ဆေးကုသပေး

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူ တစ်ရာကျော်အား PLA က အခမဲ့ ဆေးကုသပေး

စစ်ကိုင်းတိုင်းရှိ ကျေးလက်ဒေသတခုမှ စစ်ဘေးရှောင်ပြည်သူ တစ်ရာကျော်အား အခမဲ့ ဆေးကုသမှုပေးကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံမှ သိရသည်။

စစ်ကိုင်းတိုင်းရှိ ကျေးလက်ဒေသတစ်ခုမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံပြည်သူများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ဒီဇင်ဘာလ (၂၄) ရက်နေ့ နှင့် (၂၆)ရက်နေ့ တို့တွင် အခမဲ့ ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကျေးရွာစာသင်ကျောင်းရှိ ကလေးသူငယ်များနှင့် ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် သက်ကြီးရွယ်အိုများအပါအဝင် စစ်ဘေးရှောင် ပြည်သူများကို ဆေးကုသပေးခဲ့ပြီး စုစုပေါင်း လူနာဦးရေ (၁၀၀)ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အမှတ် (၁)စစ်ဒေသဖြစ်သည့် စစ်ကိုင်းတိုင်းတွင် ဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများကို လစဉ်ပုံမှန် ဆေးကုသမှုပေးလျက်ရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က အသိပေးထားသည်။

ထို့အပြင် ဒီဇင်ဘာလ (၂၈)ရက်နေ့ကလည်း လွတ်မြောက်ဒေသတစ်နေရာရှိ စာသင်ကျောင်းတစ်ခုတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့ ပူးပေါင်း၍ စာသင်ကျောင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: PLA