ဆဒုံးမြို့နီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့တိုက်ပွဲဖြစ်

ဆဒုံးမြို့နီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အနီး ရွှေနန်းဆီဆိုင် တောတန်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၁၄)ရက်နေ့ ညနေပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာသည် ဝိုင်းမော်မှ ဆဒုံးမြို့သို့သွားသည့် လမ်းပေါ်တွင်ရှိပြီး ဝါရှောင်ရွာအကျော်တွင် ယနေ့ညနေ (၅)နာရီကျော်ကစတင်၍ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။

“ဝိုင်းမော်နဲ့ ဆဒုံးကြားပေါ့။ ဆဒုံးမရောက်ခင် ဆီဆိုင် တောတန်းမှာဖြစ်နေတာ။ တိုက်ပွဲပြင်းထန်တယ်ပြောလို့ရတယ်။ စက်သေနတ်တွေနဲ့ပါ ပစ်နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၁)ရက်နေ့က ဆဒုံးခံတပ်ဟု နာမည်ကျော်သည့် ဆဒုံးဗျူဟာကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းအတွင်းမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဆဒုံးဗျူဟာသည် အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၃) လက်အောက်ခံ နည်းဗျူဟာ(၁)နှင့်  ခမရ (၃၈၉)တပ်၊ ခလရ (၄၀ )တပ်နှင့် ပြည်သူ့စစ်များက တပ်စွဲခဲ့သည်။

လက်ရှိတိုက်ပွဲဖြစ်နေခြင်းမှာ ဆဒုံးဗျူဟာမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို KIA က လိုက်လံရှင်းလင်းနေခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

KIA နှင့် ပူးပေါင်းတပ်များသည် ရက်ပိုင်းအတွင်း တရုတ်နှင့် ကုန်သွယ်ရေးအရ အရေးပါသည့် ဝိုင်းမော်-ချီဖွေ ကားလမ်းရှိ စစ်ကောင်စီတပ်စခန်း(၄)ခုထက်မနည်းကို သိမ်းပိုက်ခဲ့သည်။

ကချင်ပြည်နယ်တွင် KIA သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ မေလအထိ မြို့(၅)မြို့နှင့် စခန်းပေါင်း (၁၂၀)ကျော်ကို သိမ်းပိုက်ထားသည်။

#TachileikNewsAgency