မြိုင်မြို့နယ် ကံကြီးရိုးကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့က ဝင်စီးရာ ပကဖ ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရပြီး အရပ်သား ၈ ဦး ဖမ်းဆီးခံရ

မြိုင်မြို့နယ် ကံကြီးရိုးကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့က ဝင်စီးရာ ပကဖ ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရပြီး အရပ်သား ၈ ဦး ဖမ်းဆီးခံရ
စက်တင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ် ကံကြီးရိုးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းကာ နံ့သာမြိုင်ပကဖ ခေါင်းဆောင်အား ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အရပ်သား (၈)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က မြိုင်မြို့အရှေ့ဘက် ဂေါက်ကွင်းအနီးရှိ ကံကြီးရိုးကျေးရွာအား ဝင်ရောက်စီးနင်းရာ နံ့သာမြိုင် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်းမြွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး အရပ်သား အမျိုးသား (၈)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အသက် (၂၄)နှစ်အရွယ် နံ့သာမြိုင် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်းမြွေအား စစ်ကောင်စီတပ်က လည်ပင်းအား ပစ်ခတ်သတ်ဖြတ်သွားပြီးနောက် နေအိမ်အား ဝင်ရောက်မွှေနှောက်ကာ ကားတစ်စီးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် ချောင်းဦးတိုကျေးရွာမှတဆင့် အရှေ့ဘက်သို့ထွက်ခွာကာ ယင်းမကျင်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည်ဟုလည်း နွေဦးတော်လှန်ရေး-မြိုင်မြို့ထံမှ သိရသည်။

                                                                                                                                     

စစ်ကောင်စီထောက်ခံသည့် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ PDF အလောင်းတစ်လောင်းနှင့်အတူ စနိုက်ပါ တစ်လက်၊ (၅.၅၆)မမ ကျည် (၁၉)တောင့်၊ Drop Bomb ဗုံးသီး (၉)လုံး၊ လက်လုပ်မိုင်း (၅)လုံး၊ အိုင်ကွန် (၄)လုံး၊ ရီမု (၅)ခု၊ ကီးပတ်ဖုန်း (၂)လုံး၊ ဆိုင်ကယ်ဘက်ထရီ(၇)လုံး၊ ကျောက်ဖြတ်စက် တစ်လုံး၊ သံဖြတ်စက် တစ်လုံး၊ ဝရိန်စက် တစ်လုံး၊ ဂတ်စ်အိုး (၄)လုံး၊ လေမှုတ်စက် တစ်လုံး၊ ကားလေထိုးတံ တစ်ခု၊ တွင်ခုံအသေး တစ်ခု၊ Light Truck အဖြူရောင် ကားတစ်စီးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ဝါဒဖြန့်ထားသည်။ 

၎င်းတို့ပြောဆိုရေးသားချက်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည့် အရပ်သား (၈)ဦးအား ထည့်သွင်းရေးထားခြင်းမရှိပါ။

#TachileikNewsAgency