စစ်တွေတွင် ပြန်ပေးဆွဲခံရသည့် ကလေးအလောင်း ALP ရုံးရှေ့တွင် တွေ့ရှိသဖြင့် ဒေသခံများက ALP ရုံးကို ခဲနှင့်ဝိုင်းပေါက်ရာ ပြန်လည်ပစ်ခတ်ခြင်းကြောင့် ၃ ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံး

စစ်တွေတွင် ပြန်ပေးဆွဲခံရသည့် ကလေးအလောင်း ALP ရုံးရှေ့တွင် တွေ့ရှိသဖြင့် ဒေသခံများက ALP ရုံးကို ခဲနှင့်ဝိုင်းပေါက်ရာ ပြန်လည်ပစ်ခတ်ခြင်းကြောင့် ၃ ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရုံးကို ရပ်ကွက်နေ မွတ်ဆလင်များကခဲနှင့် ဝိုင်းပေါက်သည်ဟုဆိုကာ ALP ကသေနတ်နှင့် ပြန်လည်ပစ်ခတ်သဖြင့် မွတ်ဆလင်(၃)ဦး ဒဏ်ရာရကာ တစ်ဦးသေဆုံးရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့ ဘုမေရပ်ကွက်မှ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေသည့် မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦးသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရုံးရှေ့တွင် ၂၀၂၄ခုနှစ် မတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းက သေဆုံးလျက် တွေ့ရှိခဲ့သဖြင့် ရပ်ကွက်နေ မွတ်ဆလင်များက ALP ရုံးကို ခဲနှင့်ပစ်ပေါက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

“ပြန်ပြေးဆွဲပြီးတော့ ငွေညှစ်တာကို တောင်းသမျှပေးပြီးတော့မှ ကလေးကို သတ်လိုက်လို့ ဘုမေရပ်ကွက်က မွတ်ဆလင်တွေက ALP ရုံးကို ခဲတွေနဲ့ပစ်ကြတာ။ အဲဒီမှာ ALPက သေနတ်နဲ့ ပြန်ပစ်လို့ မွတ်ဆလင်(၃)ဦးဒဏ်ရာရပြီး တစ်ဦးသေတယ်လို့တော့ သိထားရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဘုမေရပ်ကွက်ရှိ အသက် (၄)နှစ်အရွယ် မွတ်ဆလင်မိန်းကလေးတစ်ဦးကို ALP က ပြန်ပြေးဆွဲသွားပြီး ပထမအကြိမ် မိဘများထံမှ ငွေကျပ်သိန်း(၁၀၀) ငွေညှစ်ရယူခဲ့ကြောင်း၊ ငွေကျပ်သိန်း (၁၀၀)ပေးပြီးနောက် ပြန်မလွှတ်ပေးသည့်အပြင် ထပ်မံ၍ ငွေကျပ်သိန်း(၅၀)ထပ်တောင်းခဲ့ကြောင်း၊ ငွေကျပ်သိန်း(၅၀) ထပ်ပေးခဲ့သော်လည်း ကလေးမှာ ပြန်လွတ်လာခြင်းမရှိဘဲ မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ALP ရုံးအနီး၌ သေဆုံးနေသည့်အလောင်းကို ရှာတွေ့ခဲ့ရကြောင်း သိရသည်။

“(၉)ရက်နေ့မှာ အသက်(၄)နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေးကို သူတို့ပြန်ပေးဆွဲသွားတယ်။ နောက်ပြီးတော့ ငွေညှစ်တယ်ပေါ့နော်။ သိန်း(၁၀၀)တစ်ခါ၊ သိန်း(၅၀)တစ်ခါ အကုန်ပေးတာလည်း ပြန်မလွတ်တဲ့အပြင် ဒီကလေးကို သတ်ပြီးတော့ သူတို့ရုံးနားမှာပစ်ထားတယ်။ ဒါကြောင့် လူတွေက စိတ်ခံစားချက်မြင့်တက်ပြီးတော့  ခဲနဲ့ပစ်တယ်။ ခဲနဲ့ပစ်တာမှာ သေနတ်နဲ့ပစ်ခတ်လို့ ပထမတော့ (၄)ယောက်ဒဏ်ရာရတယ်လို့ ကျွန်တော်တို့သိခဲ့တာ။ နောက်တော့ တစ်ဦးက သေဆုံးသွားတယ်။ (၃)ဦးက ဒဏ်ရာရတယ်ပေါ့။”ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့မှ ပူးတွဲတည်ထောင်သူ ဦးရိုနေဆန်းလွင်က Tachileik News Agencyကိုပြောသည်။

ALP သည် စစ်ကောင်စီနှင့် ပြေလည်နေခြင်းကြောင့် မိန်းကလေးငယ် သတ်ဖြတ်ခံရခြင်း၊ မိဘများငွေညှစ်ခံရခြင်းနှင့်ပတ်သက်ပြီး တရားမျှတမှုရရန် မလွယ်ကူသည့်အခြေအနေဖြစ်ပြီး ယခုကဲ့သို့ မတရားမှု၊ ရာဇဝတ်မှုကို ခါးစည်းခံရမည့် သဘောတွင်ရှိနေသည်ဟု ဆိုသည်။

“စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်လို့ ဒီလိုရာဇဝတ်မှုတွေကို ကျူးလွန်တာက ထူးထူးဆန်းဆန်းတော့ မဟုတ်ဘူးပေါ့နော်။ ကလေးငယ်ကို ဖမ်းဆီးသွားပြီးတော့မှ ငွေညှစ်တာ၊ ငွေလည်းရပြီးပြီ။ ဒါပေမယ့် ဒီကလေးကို ထပ်ပြီးတော့ သတ်ဖြတ်လိုက်တာကတော့ တော်တော်လေးကို အကျည်းတန်လွန်းတယ်။ ဒါမျိုးတွေမဖြစ်အောင် ရခိုင်အသိုင်းအဝိုင်းကလည်း ဒီလိုအဖွဲ့အစည်းကို ဖိအားပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်။”ဟု ဦးရိုနေဆန်းလွင်ကပြောသည်။

လက်ရှိတွင် သေဆုံးကလေးငယ်ကို အစ္စလာမ်ဘာသာထုံးစံအရ အမြန်ဆုံး မြေမြှုပ်သင်္ဂြိုဟ်ထားပြီးဖြစ်ကြောင်း သိရသည်။ 

အဆိုပါပြန်ပေးဆွဲခံခြင်းနှင့်ပတ်သက်ပြီး ALP ပါတီ၏ မတ်လ (၁၂)ရက်နေ့ ထုတ်ပြန်ချက်တွင် မတ်လ(၁၀)ရက်နေ့က ဘုမေရပ်ကွက်ရှိ ဦးကျော်မောင်၊ ဒေါ်နုတို့၏သမီး မဥမ္မာ(၃)နှစ်အရွယ်အား ALP အဖွဲ့အမည်ကို အလွှဲသုံးစားပြုလုပ်၍ ပြန်ပေးဆွဲကာ ငွေကျပ်သိန်း (၁၀၀) ခြိမ်းခြောက်အကျပ်ကိုင် ငွေတောင်းခံနေသည်ကို သိရှိရသည်ဟု ထုတ်ပြန်ထားသည်။

ထို့သို့လူသားချင်းမစာနာသော ရက်စက်ကြမ်းကြုပ်သည့်လုပ်ရပ်ကို မိမိတို့မလုပ်၊ ပြည်သူနှင့် အဖွဲ့အစည်းကြားတွင် အထင်အမြင်လွဲမှားစေရန် ALP အမည်ကို အသုံးပြု၍လည်းကောင်း၊ သတင်းတုများဖန်တီး၍လည်းကောင်း ၊ သက်သေအတုအယောင်များ ဖန်တီး၍လည်းကောင်း၊ Fake Account များစွာ ဖန်တီး၍ ဆိုရှယ်မီဒီယာများတွင် ရေးသားကာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးလုပ်ကြံဖန်တီးနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

“ALP ရုံးက ဘုမေကျေးရွာမှာ အခြေစိုက်တယ်။ နောက်ပြီးတော့ ဒါအခုမှ မဟုတ်ဘူးပေါ့နော်။ အရင်တုန်းကလည်း ကျူးလွန်ထားတာတွေရှိပါတယ်။ ရာဇဝတ်မှုငယ်လေးတွေပေါ့နော်။ ကျူးလွန်ထားတာရှိတော့ ဒေသခံတွေ အနေနဲ့ ပြစ်မှုကို ဘယ်သူကျူးလွန်တယ်ဆိုတာ သူတို့အတိအကျသိတယ်။ နောက်ပြီးတော့ ဒီငွေသိန်း (၁၅၀)လည်း ပေးထားရတယ်ဆိုတော့ ဘယ်သူ့ကိုပေးရတာ သူတို့အကုန်သိတာပေါ့နော်။ ဒါ ALPက ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက်ကြောင့် တိတိကျကျနဲ့ ဒါ ALP က ကျူးလွန်တယ်လို့ ကျွန်တော်တို့ ပြောတာပါ။ ALPကငြင်းတယ်ဆိုရင်တော့ ဒါရာဇဝတ်မှုကျူးလွန်ပြီးသွားရင် ဘယ်သူမှ ဝန်ခံလေ့မရှိဘူးပေါ့နော်။ နောက်ပြီးတော့ သူတို့က စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်နေတော့ ပိုပြီးတော့ဆိုးတာပေါ့။ စစ်ကောင်စီရဲ့ လမ်းစဉ်လိုက်နေတယ်ဆိုတဲ့ပုံစံပေါ့ဗျာ။"ဟု ဦးရိုနေဆန်းလွင်ကဆက်ပြောသည်။

ALP သည် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် မကြာခဏ တွေ့ဆုံနေသည့် ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

#TachileikNewsAgency