မြန်မာနိုင်ငံ ကျရှုံးနိုင်ငံဖြစ်နေရသည်မှာ စစ်ခေါင်းဆောင်များကြောင့်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားသို့ ပေးပို့ သော TNLA ၏ သဝဏ်လွှာတွင် ယင်းသို့ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
ပြည်ထောင်စုနေ့အား ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားဟု အမည်ပညတ်ပြောင်းလဲကျင်းပလာခြင်းသည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုပြဿနာကြီးမာစွာတည်ရှိနေဆဲဖြစ်သည်ဟု ဝန်ခံရာရောက်ပြီး အဖြေရှာရန်ကြိုး စားနေဆဲဖြစ်သည်ဟု ရှုမြင်ကြောင်းလည်း ဆိုသည်။
မြန်မာ စစ်အာဏာရှင် အဆက်ဆက်၊ မြန်မာအစိုးရ အဆက်ဆက်နှင့် နိုင်ငံရေးပါတီများတို့သည် ချစ်စဖွယ်ကောင်းသော မတူကွဲပြားသော မြန်မာပြည်ရှိ လူမျိုးများကို မြန်မာပြည်အဝန်းအဝိုင်းတွင် နိုင်ငံရေးအခွင့်အရေးများသာ တူညီမျှစွာ၊ လွတ်လပ်စွာ ခံစားနိုင်စေရန် မပေးစွမ်းဘဲ တိုင်းပြည်ကို စစ်ပွဲနှင့် ဆင်းရဲမွဲတေမှုသို့သာ ဖန်တီးတွန်းပို့ လာခဲ့ကြသဖြင့် မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ ဖြစ်နေရသည်ဟု ဆိုသည်။
ပြည်ထောင်စုနိုင်ငံ အခြေမတည်နိုင်ဘဲ ပျက်စီးနေရခြင်း၊ နိုင်ငံအတွင်းရှိ ဌာနေလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံး နေရခြင်းတို့၏ အဓိကတရားခံသည် စစ်ခေါင်းဆောင်နှင့် စစ်အာဏာရှင် အဆက်ဆက်တို့ကြောင့် ဖြစ်သည်ဟု လည်း ဖော်ပြသည်။
လက်ရှိအချိန်ထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်ခြင်းသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး၊ တော်လှန်ရေးခေါင်းဆောင်များ၏ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲဖြစ်သည်ကို ညွန်ပြနေသည်ဟုလည်း ဆိုသည်။
မြန်မာပြည်တွင်းရှိ တိုင်းရင်းသားတိုင်း၊ လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီဖြစ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ထိုက်တန်စွာ ခံစားသင့်ပြီဟုလည်း ဆိုသည်။
လူနည်းစု လူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသင့်ပြီး ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နိုင်ငံရေးအနှစ်သာရကို လက်ရှိ တော်လှန်ရေး အင်အားစုများ ပြည့်ပြည့်ဝဝ ကြိုးပမ်းအကောင်အထည် ဖော်သင့်ပြီဟုလည်း TNLA က တိုက်တွန်း ထားသည်။
ထို့အပြင် TNLA အား ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားအား သဝဏ်လွှာပေးပို့ရန်နှင့် ပါဝင်တက်ရောက်ရန် ဖိတ်ကြားသည့်အပေါ် ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
“ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနား”ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သုံးစွဲပြီး “ပြည်ထောင်စုနေ့”ဟု စစ်ကောင်စီဘက်က ယနေ့အထိ သုံးစွဲသည်ကို တွေ့ရသည်။