ပေါက်တောမြို့ရှိ ဆေးကုသရေးနေရာကို စစ်ကောင်စီဗုံးကြဲရာ သုံ့ပန်းများအပါအဝင် ၁၇ ဦးသေဆုံး 

ပေါက်တောမြို့ရှိ ဆေးကုသရေးနေရာကို စစ်ကောင်စီဗုံးကြဲရာ သုံ့ပန်းများအပါအဝင် ၁၇ ဦးသေဆုံး 
စက်တင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာတစ်နေရာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ (၁၇)ဦးသေဆုံးပြီး (၁၀)ဦးဒဏ်ရာရကြောင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါနေရာကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၈)ရက် ညနေ (၆)နာရီ (၅၀)မိနစ်နှင့် (၅၅)မိနစ်တို့တွင် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူများထဲတွင် စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်နေသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် AA ၏ သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့ ၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ AA ၏ ကျန်းမာရေးဝန်ထမ်းတချို့နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတချို့ပါဝင်သွားကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၂)ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အရပ်သားပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့သည်။ 

စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ရက် ဆက် ဖြစ်ပွားနေသည်။

#TachileikNewsAgency