သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ဝန်းကျင်ရှိ ပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားသွားလာနေခြင်းကြောင့် အကန့်အသတ်မရှိ သွားလာခွင့် AA ပိတ်

သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ဝန်းကျင်ရှိ ပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားသွားလာနေခြင်းကြောင့် အကန့်အသတ်မရှိ သွားလာခွင့် AA ပိတ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ဝန်းကျင်ရှိ ပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားသွားလာနေခြင်းကြောင့် ၂၀၂၄ခုနှစ် ဩဂုတ်လ (၁)ရက်နေ့ကမှစတင်၍ အကန့်အသတ်မရှိ အရေးပေါ်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA) က သတင်းထုတ်ပြန်သည်။

စစ်ရှုံးစစ်ကောင်စီသည် အရပ်သားမော်တော်ဘုတ်များကိုအသုံးပြု၍ ရေကြောင်းမှတစ်ဆင့် စစ်အင်အား ထပ်မံဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ခြင်းများကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် AA က ယင်းသို့ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အကျပ်ကိုင်ဖိအားပေးခိုင်းစေခြင်းမျိုးကို လိုက်နာဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမျိုး မပြုလုပ်ကြရန်လည်း အရေးပေါ်စစ်ရေးလိုအပ်ချက်အရ အသိပေးထားပြီး အရေးပေါ် ကျန်းမာရေး၊ မဖြစ်မနေ သွားရမည့် ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာ နီးစပ်ရာ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများကို ဆက်သွယ်၍ သတ်မှတ်ထားသော လမ်းကြောင်း၊ အမှတ်အသားများပြုလုပ်၍ သွားလာကြရန်၊ စစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခြင်းကိုခံယူရန်လည်း ထုတ်ပြန်ထားသည်။

AA သည် သံတွဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံး ငပလီလေဆိပ်၊ ဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့ကို ဇူလိုင်လ(၁၆)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထားခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် စခန်းများနှင့် သံတွဲမြို့ကို ပြန်လည်ရယူရန်အတွက် အရပ်သားအယောင်ဆောင်၍ စစ်အင်အားများ ထပ်မံဖြည့်တင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဟန်ဆောင်ပြီး သံတွဲမြို့တွင်း ဖောက်ထွင်း၊ ခိုးယူ၊ လုယက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် လက်နက်ကိုင်ပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီအုပ်စုငယ်များ နှင့် AAတို့ မြပြင်၊ ဂျိတ္တော၊ ကွင်းဝိုင်းတို့တွင် တိုက်ပွဲများ ရံဖန်ရံခါဆက်လက်ဖြစ်ပွားနေသည်ဟု ထုတ်ပြန်ထားသည်။

မောင်ရွှေလေးရေတပ်စခန်းနှင့် ဘင်္ဂလားပင်လယ်ပြင်ထက်၌ တပ်စွဲထားသော ရေတပ်စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးပစ်ကူများနှင့်အတူ ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းအားထုတ်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်ဟု သိရသည်။

AA သည် တောင်ကုတ်နှင့် ဂွမြို့နယ်တို့ရှိ စစ်ကောင်စီအခြေစိုက်စခန်းများအပါအဝင် သိမ်းပိုက်ရန်ကျန်ရှိသေးသော စစ်စခန်းများအားလုံးကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်သည်။

#TachileikNewsAgency

Photo: AA Info Desk