မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲဇလီ-ဆည်တော် ကြိုးတံတား စစ်ကောင်စီဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မင်းဘူးခရိုင် အမှတ် (၇)တပ်ရင်းက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သား (၃)ဦး တပ်ဆွဲထားသည့် မဲဇလီ-ဆည်တော် ကြိုးတံတား ဆည်တော်ဘက်ခြမ်းဂိတ်ကို နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၆)နာရီခွဲတွင် တော်လှန်ရေးအင်အားစုများက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင်းသိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁)ဦး နေရာတွင် သေဆုံးပြီး ကျန် (၂)ဦးမှာ ဒဏ်ရာများဖြင့် မဲဇလီတံတားပေါ်သို့ ထွက်ပြေးသွားသဖြင့် လိုက်လံပစ်ခတ်ရာ တစ်ဦး ထပ်မံသေဆုံးပြီး ကျန် (၁)ဦးမှာ ဒဏ်ရာများဖြင့် ပြန်လည်ခုခံသဖြင့် လက်နက်မရရှိခဲ့ဟု ဆိုသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ထံမှ G-2 အမျိုးအစား သေနတ်တစ်လက် ၊ ကျည်ဘောက် (၃)ခု ၊ ကျည် (၂၈)တောင့် ၊ လက်ကိုင်ဖုန်း (၂) လုံးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုနေ့ နေ့လယ် (၁)နာရီခွဲတွင် သေဆုံးသည့် စစ်ကောင်စီတပ်သားအလောင်းအား လာရောက်ကောက်ယူသည့် အင်အား (၂၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်သားများကို တံတားဂိတ်တွင် တော်လှန်ရေးအင်အားစုများက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုတချို့ရှိခဲ့သည်ဟု ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း ၊ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း